ဧရာဝတီတိုင်းမ်
သြဂုတ် ၂၃ ရက်

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ရေဇွာမြို့တွင် ဂန့်ဂေါ – ရေဇွာ – ဟားခါး ကားလမ်း ပြုပြင်နေသည့် Excavator နှစ်စီး၏ ဝါယာပိုင်းပစ္စည်းများ ခိုးယူခြင်းခံရသည့်အတွက် ကားလမ်းပြုပြင်သည့် လုပ်ငန်များ ရပ်တန့်နေရကြောင်းချင်းကာကွယ်ရေးတပ်(ဇိုတုန်)အတွင်းရေးမှူးထံက သိရသည်။

ရေဇွာမြို့ကို ဆက်သွယ်ထားသည့် ဂန့်ဂေါ – ရေဇွာ – ဟားခါး ကားလမ်းမပေါ်က ဂန့်ဂေါ – အိုက် ကားလမ်း ၄၆ မိုင်တွင် တောင်ပြိုကျသည့်အတွက် မြေစာပုံများကို ရှင်းလင်းရန် အသင့်ထားရှိသော Excavator နှစ်စီး၏ ဝါယာပိုင်းပစ္စည်းများကို သြဂုတ်လ( ၉) ရက် မှ (၁၅)ရက်နေ့အတွင်း ခိုးယူခြင်းခံခဲ့ရခြင်းဖြစ်သည်။

“မိုးတွင်းကာလ ကားလမ်းတွေက မြေပြိုလိုက်၊ ပြန်ပြင်လိုက် ဖြစ်နေပါတယ်။ အခုလည်း မိုးရွာရင် ကားလမ်းတွေက ပြိုကျနေတုန်းပါ။ လက်ရှိ Excavator ဝိုင်ယာပိုင်းတွေ အခိုးခံလိုက်ရတဲ့အတွက် ကားလမ်းတွေ ဆက်လက်ပြုပြင်ပေးနိုင်မှာ မဟုတ်တော့ပါ။”ဟု CDF (ဇိုတုန်) အတွင်းရေးမှူး(၂)က ဧရာဝတီတိုင်းမ်ကို ပြောသည်။

Excavator ပစ္စည်း အခိုးခံလိုက်ရခြင်းနှင့် ပတ်သက်၍ အများပြည်သူများ ပြန်လည်းတွေ့ရှိအောင် ကူညီပေးကြရန်နှင့် တွေ့ရှိပါက တာဝန်ရှိသူများထံအကြောင်းကြားပေးပါရန် ၎င်းက တိုက်တွန်းထားသည်။

အဆိုပါ ဂန့်ဂေါ – ရေဇွာ – ဟားခါး ကားလမ်း ပြန်လည်မပြုပြင်နိုင်ပါက ရေရှည်အတွက် ရေဇွာဒေသခံပြည်သူများ စားဝတ်နေရေးနှင့် ခရီးသွားလာရေးအတွက် အခက်တွေ့နိုင်ကြောင့် သိရသည်။

“ရေဇွာက ကုန်ပစ္စည်းတွေ ဂန့်ဂေါဘက်ကနေ အဓိက တင်သွင်းတာဖြစ်တယ်။ မတူပီ၊ လိုင်လင်းပီဘက်က လူတွေလည်း ရေဇွာမှာ လာဝယ်ကြတယ်။ မိုးတွင်းဘက်ဆို ကားလမ်းတွေ မြေပြိုတယ်။ အဲ့ဒီ မြေပြိုတဲ့လမ်းတွေ အချိန်မီ မပြင်ရင် ရေဇွာမြို့မှာ စားသောက်ကုန်တွေပြတ်နိုင်တယ်။ နယ်ဘက်က လူတွေလည်း လူမူရေး၊ ကျန်းမာရေး၊ စားဝတ်နေရေးတွေ အခက်တွေ့မှာဖြစ်တယ်။”ဟု ရေဇွာဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါး – ရေဇွာ – ဂန့်ဂေါ ကားလမ်းသည် ရေဇွာဒေသခံများအပြင် လိုင်လင်းပီ၊ မတူပီဒေသခံများလည်း အသုံးပြုသည့် လမ်းမကြီးဖြစ်ကြောင်း သိရှိရသည်။

#ဂန့်ဂေါ #ရေဇွာ #ဟားခါး #ကားလမ်းပြုပြင် #Excavator #ဝါယာပိုင်းပစ္စည်းများ #ခိုးယူခြင်းခံရ
#Ayeyarwaddy_Times