အယိုက်လင်း/ဧရာဝတီတိုင်းမ်
သြဂုတ် ၂၃ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် လူနေအိမ် ခြောက်လုံးခန့်မီးလောင်ဆုံးရှုံးလိုက်ရကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ သြဂုတ်လ ၂၂ ရက် ညနေ ၁၁ နာရီအချိန်တွင် မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် မင်းတပ်မြို့ အနောက်ရပ်ကွက်(ကွက်စိပ် ၄) သို့ ကျရောက်ပေါက်ကွဲပြီး လူနေအိမ်အများပြား မီးလောင် ဆုံးရှုံးလိုက်ရခြင်းဖြစ်သည်။

“လက်နက်ကြီးကျည်တွေက ပစ်တာက အသံတွေကြားရတယ်။ အကုန်လုံး လက်နက်ကြီးကျည် လေး လုံးလောက်ရှိမယ်။ ညဘက်အပြင်မထွက်ရဲတော့ ဒီနေ့မနက် လူနေအိမ် ခြောက်လုံးမီးလောင်သွားတာတွေ့ရတယ်။ အဲ့ဒီရပ်ကွက်ထဲ လူမနေကြတာကြာပါပြီ။”ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ လူနေအိမ်များ မီးလောင်သွားသည့် ရပ်ကွက်သည် အရပ်သားများ နေထိုင်းခြင်းမရှိတော့ဘဲ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်စ်ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြပြီး စစ်ကောင်စီတပ်မှ အရပ်သားနေအိမ်များတွင် မကြာခဏ လာရောက်တပ်စွဲထားလေ့ရှိကြောင်း သိရှိရသည်။

ယခုနှစ် ဧပြီလတုန်းကလည်း စစ်ကောင်စီတပ်စွဲထားသည့် မင်းတပ်မြို့အဝင် အရှေ့ပြင်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။

စစ်ကောင်စီတပ်က မြို့တွင်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသော်လည်း လက်နက်ကြီးကျည်များ ရမ်းသမ်းပစ်မူများပြုလုပ်ပြီး သြဂုတ်လ ၂၁ ရက်နေ့ကလည်း မင်းတပ်မြို့ အနီးနာဝန်းကျင်တွင် ခလရ ၂၇၄ တပ်ရင်းမှ ဒရုန်းနှင့် လက်နက်ကြီးကျည်တို့ဖြင့် ပစ်ခတ်တိုက်ခိုက်မူပြုလုပ်သွားကြောင်း သိရှိရသည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မူ၊ ဒရုန်းတိုက်ခိုက်မူတို့ ကြောငကပြည်သူများအနေဖြင့် ဂရုစိုက်ရန် CDF(မင်းတပ်)က သြဂုတ်လ ၂၁ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

လက်ရှိ မင်းတပ်မြို့တွင် လူဦးရေ သုံးရာခန့်ရှိပြီး မင်းတပ် မြို့သိမ်းတိုက်ပွဲသတင်းများကြောင့် ယခင်လကတည်း လူဦးရေ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

#မင်းတပ်မြို့ #စစ်ကောင်စီ #လက်နက်ကြီး #လူနေအိမ်မီးလောင်ဆုံးရှုံး #Ayeyarwaddy_Times