ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

အင်တာနက်အသုံးပြုနိုင်သော မြို့ကြီးများရှိ Non CDM ဝန်ထမ်းကို စစ်ကောင်စီက ယခုဩဂုတ်လမှ စတင်ကာ ဒီဂျစ်တယ်ငွေကြေးစနစ်ဖြင့် ဝန်ထမ်းလစာပေးမည်ဖြစ်ကြောင်း သိရသည်။

ယခင်က စစ်ကောင်စီ၏ အရာထမ်းဝန်ထမ်းကို ဒီဂျစ်တယ်ငွေကြေးစနစ်ဖြစ်သည့် ATM ကတ်ထဲသို့ လစာထည့်ပေးခြင်းဖြစ်ပြီး ယခုအခါ အငယ်တန်းအဆင့်ဝန်ထမ်းများကိုပါ ကတ်စနစ်ဖြင့်လစာပေးမည် ဖြစ်ကြောင်း NON CDM ဝန်ထမ်းများထံက သိရသည်။

ယခုအခါတွင် နေပြည်တော် အပါအဝင် ရန်ကုန်နှင့် မန္တလေးတိုင်းရှိဝန်ကြီးဌာန ၃၄ ခုမှ ဝန်ထမ်းများကို ဒီဂျစ်တယ်ငွေကြေးဖြင့် လစာပေးရန် ပုဂ္ဂလိဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီအသစ်များကို လုပ်ပိုင်ခွင့်ချထားကြောင်းသိရသည်။

” ရုံးကအရာရှိတွေ UAB ဘဏ် (ယူနိုက်တက်အမရဘဏ်) မှာ ATM ကတ်လုပ်ရတယ်။ မနှစ်လောက် ကစပေးတယ်။ အခုက အငယ်တန်းတွေကိုပါ ဘဏ်မှာ ATM ကတ်သွားလုပ်ခိုင်းတယ်။ အခုကတ် နေလုပ်နေကြတယ်” ဟု စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ Non CDM အရာထမ်းဝန်ထမ်း တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များသိမ်းပိုက်ထားသော ဒေသများရှိ Non CDM ဝန်ထမ်းများကို စစ်ကောင်စီက လစာပေးခြင်းမရှိကြောင်း ရခိုင်ပြည်နယ်ရှိ ပညာရေးဝန်ထမ်းတစ်ဦးထံက သိရသည်။

ထို့ပြင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မြို့နယ်များတွင် ကျပ်ငွေရှားပါးနေပြီး ပိုက်ဆံ ထုတ်ခအတွက် ရာခိုင်းနှုန်းမြင့်မြင့်ပေးနေရကြောင်း ယင်းဒေသခံများထံက သိရသည်။

စစ်ကောင်စီ၏ ဝန်ထမ်းများအတွက် ဒီဂျစ်တယ်ငွေကြေးစနစ်အသုံး ပြု၍ လစာပေးချေရာတွင် မြန်မာ့ စီးပွား ရေးဘဏ် ၊ KBZ ဘဏ် ၊ UAB ဘဏ်၊ CB ဘဏ်၊ ဧရာ၀တီဘဏ်၊ မြ၀တီဘဏ်၊ အင်း၀ဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ရွှေဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧရာ ၀တီတောင်သူလယ်သမား များဖွံ့ဖြိုးရေးဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်တို့ပါဝင်သည်။

ထို့ပြင် ငွေလွှဲ၊ငွေထုတ် လုပ်ငန်းအသစ်အဖြစ် Nature Link Pay ကုမ္ပဏီ ( Trusty Ecommerce) ပါဝင်ပြီး Zego Pay ကုမ္ပဏီ (Zego Money) ၊ Digital Money Myanmar (Wave Money)၊ Universal Pay (UniPay)/ ၊ Internet Wallet Myanmar ကုမ္ပဏီ (OK$) တို့ သည် စစ်ကောင်စီ ဝန်ကြီးဌာနများနှင့် ပြည်နယ်၊ တိုင်းအလိုက် ဒီဂျစ်ငွေကြေးဖြင့် လစာပေးချေမှုလုပ်ငန်း ရရှိကြောင်း သိရသည်။

စစ်‌ကောင်စီသည် တိုင်းနှင့် ပြည်နယ်ရှိ မြို့ ၃၀၅ မြို့ကို အင်တာနက်နှင့် ဖုန်းအဆက်အသွယ်များ ဖြတ်တောက်ထားကြောင်း Myanmar Internet Project ထုတ်ပြန်ချက်အရသိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#NONCDM #ဝန်ထမ်းများ #ATMကတ် #လစာရမည် #Ayeyarwaddy_Times