ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ရက်

ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် ရန်ကုန်နှင့် တခြားမြို့နယ်များသို့ စစ်ဘေးရှောင်နေသည့် သံတွဲဒေသခံများကို စစ်ကောင်စီက ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်ခွင့် မပြုကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်ဘေးရှောင်နေရာမှ နေရပ်ပြန်လာလိုသည့် သံတွဲဒေသခံ၊ သံတွဲမှတ်ပုံတင် ကိုင်ဆောင်ထားသူများကို ပြီးခဲ့သည့် ဩဂုတ် ပထမပတ်မှစတင်၍ ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ခွင့် မပြုတော့ကြောင်း သိရသည်။

“သံတွဲနဲ့ မိုင် ၂၀ ပတ်ချာလည်အတွင်း စစ်ရှောင်သွားသူတွေ၊ အပြင်ထွက်သူတွေကတော့ ဝင်လို့ ရတယ်။ အဝေးကနေ ဝင်ထွက်မယ်ဆိုရင် လက်မခံဘူး။ အခု သံတွဲမှာ ပြန်ငြိမ်လို့ ပြန်ဖို့ကို ဝင်ခွင့်မပေးဘူးဆိုလို့ ရန်ကုန်မှာ အတော်ကျပ်တည်းနေတယ်။ ကိုယ့်ဒေသလည်းမဟုတ်တော့ လုပ်ကိုင်မစားတတ်ဘူးလေ” ဟု သံတွဲမြို့နယ်မှ စစ်ရှောင်လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဧရာဝတီတိုင်းမှနေ၍ ရခိုင်သို့ ဝင်ထွက်ခွင့်လမ်းကြောင်းဖြစ်သည့် ရေနံ့သာဂိတ်နှင့် ဂွမြို့နယ်ဘက်မှ ဂိတ်တို့တွင် သံတွဲမှတ်ပုံတင် ကိုင်ဆောင်ထားသူများကို စစ်ကောင်စီက လုံးဝဝင်ခွင့်မပေးကြောင်း သိရသည်။

“ဇွန် ၂၂ရက်နေ့က ဇာဒီပြင်ကို လက်နက်ကြီးကျပြီး အိမ်ပြိုကတည်းက စစ်ရှောင်လာတာ။ အခု ရေနံ့သာ ဂိတ်ရော၊ ဂွဘက်ကဂိတ်ရောက လုံးဝဝင်ခွင့်ပိတ်ထားတယ်။ ပြည်ဘက်ကဝင်လည်းမရဘူး။ ဘယ်ဂိတ်မှ ဝင်ခွင့်မပေးဘူး” ဟု သံတွဲဇာဒီပြင်ရွာမှ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဧပြီ ဒုတိယပတ်ကစတင်ပြီးဖြစ်ပွားခဲ့သည့် သံတွဲတိုက်ပွဲသည် ဇွန် ၂ရက်နေ့တွင်ပြန်လည်ပြင်းထန်ခဲ့ပြီး နောက် အာရက္ခတပ်တော် (AA) သည် သံတွဲ‌လေဆိပ်၊ ငပလီဟိုတယ်ဇုန်နှင့် သံတွဲမြို့တို့ကို ထိန်းချုပ်နိုင်ခဲ့သည်။

စစ်ရေးပြင်းထန်နေချိန်အတွင်း သံတွဲမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ရွာများမှ ဒေသခံများသည် ရန်ကုန်၊ ဧရာဝတီတိုင်းနှင့် အခြားမြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။

ယခုအခါ သံတွဲတွင် မောင်ရွှေလေး ရေတပ်အနီးဝန်းကျင်၌သာ တိုက်ပွဲများရှိတော့သည့်အတွက် သံတွဲမြို့နယ်အတွင်း သို့ ဒေသခံများ ပြန်လည်ဝင်ရောက်လိုသော်လည်း စစ်ကောင်စီက ဝင်ခွင့်မပေးဘဲ ာ ဒေသခံများကို ပိတ်ပင်ထားကြောင်း သိရသည်။

#သံတွဲ #စစ်ရှောင် #ဒေသခံ #စစ်ကောင်စီတပ် #ရခိုင်ပြည်တွင်း #ဝင်ခွင့်မပြု #Ayeyarwaddy_Times