
ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဩဂုတ် ၂၂ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ(PDF) ကို ထောက်ပံ့သည်ဟုဆိုတာ ပြီးခဲ့သည့်ဇူလိုင်လ နှင့် ဩဂုတ်လ နှစ်လတာကာလအတွင်း မြို့နယ် ရဲတပ်ဖွဲ့မှူးအပါအဝင် ရှစ်ဦးကို ဖမ်းဆီးခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီသည် ကျိုက်ထိုမြို့နယ်တွင် ယခုဩဂုတ်လ အတွင်း ဖမ်းဆီးမှုများကို ပိုမိုလုပ်ဆောင်ခဲ့ပြီး ဩဂုတ် ၁၈ ရက်နေ့က ရှေ့နေဒေါ်စံပယ်၊ ဩဂုတ် ၁၆ ရက်နေ့က ကျိုက်ထိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်၊ ဩဂုတ် ၁၄ ရက်နေ့က ရဲအုပ်ပြည်သူရစိုး တို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် ရှေ့နေဒေါ်စံပယ်သည် ယခင်က တော်လှန်ရေးနှင့်ပတ်သတ်သည့် အမှုများကို အမှုလိုက် ပေးဖူးသူဖြစ်ကြာင်းလည်း ကျိုက်ထိုဒေသခံများထံက သိရသည်။
“PDF နဲ့ ဆက်သွယ်ဆိုတဲ့စွပ်စွဲချက်နဲ့ပေါ့။ စစ်ကောင်စီက PDFနဲ့ဆက်နွယ်တယ်ဆိုပြီး ဖမ်းထားတဲ့ သူတွေ ရဲတွေရော ရှေ့နေရော အရပ်သားတွေက အရင်က လုပ်ဖော်ကိုင်ဖက်တွေ ကိုယ်နဲ့ပတ်သက် ခဲ့ဖူးတဲ့သူတွေဖြစ်တာကြောင့် တစ်ခုချင်းကိုဖမ်းစစ်နေတဲ့ ပုံစံပေါက်နေတယ်လို့ သုံးသပ်မိတယ်။ အမှန်တော့သူတို့တွေနဲ့က အဆက်အသွယ် မရှိတော့ဘူး” ဟု သထုံခရိုင် PDF တာဝန်ရှိသူတစ်ဦး ဖြစ်သည့် ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီက ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ရဲတပ်ကြပ်ကြီး အောင်နိုင်ဦး (ယာဉ်ထိန်း)၊ ရဲတပ်ကြပ် စိုးရာဇာ (နယ်ထိန်း)၊ ရဲတပ်ကြပ် ဝဏ္ဏကျော်(နယ်ထိန်း) တို့ကို ဖမ်းဆီးစစ်ဆးခဲ့ကြောင်း သိရပြီး အရပ်သားများဖြစ်သည့် ကိုဇော်ထက်ချို၊ ကိုပိုင်သစ် တို့ကိုလည်း ယခုဩဂုတ်လအတွင်း PDF နှင့် ဆက်သွယ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးထားကြောင်း သိရသည်။
စစ်ကောင်စီက ၎င်းတို့ ဖမ်းဆီးထားခဲ့သည့်သူများကို ကျိုက်ထိုအခြေစိုက် တပ်မ(၄၄) ဌာနချုပ်အတွင်း ခေါ်ဆောင်ကာစစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း သိရသည်။
ကျိုထိုမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကျိုက်ထိုမြို့မှရဲစခန်း မှရဲနှစ်ဦးဖြစ်သည့် ရဲတပ်သား ဝင်းထက်နှင့် ရဲတပ်သား ကြည်သာ၊ သထုံခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်သား ကောင်းထက်ကျော် တို့ကို ကျိုက်ထိုတာ်လှန်ရေးအင်အားစုက ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ကျိုက်ထို #တပ်မ၄၄ #ဖမ်းဆီးစစ်ဆေး #မြို့နယ်ရဲမှူး #ရှေ့နေ #စစ်ကောင်စီ #Ayeyarwaddy_Times