ဧရာ၀တီတိုင်းမ်
သြဂုတ် ၂၂ ရက်

ဧရာဝတီတိုင်း၊ ဓနုဖြူမြို့ နယ်တွင် စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ပြည်သူ့စစ်မှုထမ်းမဲပေါက်သူကို ကျပ်ငွေ သိန်းသုံးဆယ်‌ တောင်းယူပြီး မဲမပေါက်သူကို ခြိမ်းခြောက်၍ စစ်မှုထမ်းခိုင်းကြောင်း ဒေသခံများထံကသိရသည်။

ဖန်ခါးကွင်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးနှင့် ရာအိမ်မှူးဦးဖိုးကျော်တို့သည် မဲပေါက်သူထံက ကျပ်ငွေ သိန်းသုံးဆယ်‌ တောင်းယူခဲ့ပြီး မဲမပေါက်သည့် လူငယ်တစ်ဦးကို အဓမ္မ လူစားထိုးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“အတင်း အဲ့ဒီ လူစားထိုးခံရတဲ့ လူငယ်ကတော့ ထွက်ပြေးပီ၊ စစ်တပ်နဲ့ပေါင်းပြီး မကြာခင်သေနတ်ကိုင်ရတော့မှာလို့ပြောတယ်။ ကန့်လန့်တိုက်ရင်တွေ့မယ်လို့လည်း မျိုးမျိုး ခြိမ်းခြောက်တယ်။ အခုတစ်ခါလဲ တစ်ရွာကို ပြည်သူ့စစ်မှုထမ်းဘို့ ၁၈ ယောက်တောင်ပေးရမှာ” ဟု ဖန်ခါးကွင်းကျေးရွာအုပ်စုရှိဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးနှင့် ၎င်း၏တပည့် ရာအိမ်မှူးဦးဖိုးကျော်တို့သည် မဲပေါက်သူများကို ‌ငွေတောင်း၊ အဓမ္မ လူစားထိုးသည့်အပြင် ပြည်သူ့စစ်မှုထမ်းများအတွက် ထောက်ပံ့ရန်ဟုဆိုကာ တစ်အိမ်လျှင် ကျပ်ငွေ သုံးသောင်းထပ်မံတောင်းယူကြောင်း ဒေသခံများကဆိုသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးနှင့် ရာအိမ်မှူး ဦးဖိုးကျော်သည် စစ်ကောင်စီတပ်နှင့်ပူးပေါင်းပြီး ဖန်ခါးကွင်းကျေးရွာအုပ်စုအတွင်း တရားမ၀င်‌လောင်းကစားများ ကိုယ်တိုင်လည်း ပြုလုပ်သလို လိုင်းကြေးများယူပြီး အုပ်စုအတွင်း လောင်းကစားဝိုင်းများ ခွင့်ပြုထားကြောင်း ဒေသခံများကပြောသည်။

လက်ရှိတွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုးနှင့် ၎င်း၏တပည့်ဖြစ်သူ ရာအိမ်မှူး ဦးဖိုးကျော်တို့က စစ်မှုထမ်းရန် ခြိမ်းခြောက်မှုအမျိုးမျိုးလုပ်ဆောင်နေခြင်းကြောင့် ဖန်ခါးကွင်းကျေးရွာအုပ်စုရှိ လူငယ်အများစုမှာ မိသားစုလိုက် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) အမှတ်စဥ် (၄) တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများပေးသွင်းလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

ဓာတ်ပုံ-ဧရာဝတီတိုင်းရှိ ပြည်သူ့စစ်မှုထမ်း သင်တန်းသားများ

#ဓနုဖြူ #ရပ်ကျေးအုပ်ချုပ်ရေးမှူး #ပြည်သူ့စစ်မှုထမ်းမဲပေါက် #ကျပ်ငွေ #သိန်းသုံးဆယ်‌တောင်းယူ #မဲမပေါက်သူကို #ခြိမ်းခြောက် #စစ်မှုထမ်းခိုင်း #Ayeyarwaddy_Times