ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်

အညာဒေသတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များသည် “မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” အဖြစ် စစ်ရေး ဖော်ဆောင်ကာ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“မြင်းခြံခရိုင်အထူးစစ်ဆင်ရေး” ကို ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့ကစတင်ပြီး ယမန်နေ့ ၂၁ ရက်နေ့အထိ နွားထိုးကြီးနှင့် တောင်သာမြို့ပေါ်များအပြင် နေရာ ခြောက်ခုတွင် တော်လှန်ရေး တပ်များက တိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲထံက သိရသည်။

“စကစ(စစ်ကောင်စီ)ဘက်က သေဆုံးခဲ့သူတွေအထဲ သုံးပွင့်ဗိုလ်လည်းပါတယ်။ ကင်းစောင့်နေတဲ့ ကောင်တွေကို ဝင်တိုက်တဲ့ချိန်မှာ မျက်မြင်သေတာတွေလည်းရှိတယ်။ သုံးပွင့်အရာရှိကတော့ ပျော်ဘွယ်စံပြဘက်မှာဖြစ်တဲ့ တိုက်ပွဲမှာ သေတာပါ”ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဩဂုတ် ၁၀ ရက်မှ ၂၁ ရက်နေ့အထိ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအတွင်း မြင်းခြံမြို့ ခမရ-၁၅ တပ် ရင်းအပါအဝင် မြို့နယ်ထဲရှိ လေးရွာဆုံပျူစောထီးစခန်း၊ သစ်ပင်ရှည်ကျေးရွာအနီး၊ ပျော်ဘွယ်စံပြ ကျေးရွာအနီး၊ ရွာကြီးကျေးရွာအနီးနှင့် နွားထိုးကြီးမြို့နယ်ရှိ မာန်လည်ကျေးရွာအနီးတို့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း Myingyan Black Tiger-MBT တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အရာရှိတစ်ဦးအပါအဝင် ကိုး ဦးသေဆုံးပြီး ရှစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို Myingyan Black Tiger-MBT အမှတ်(၉) တပ်ရင်း၊ မြင်းခြံခရိုင်တပ်ရင်း ၁၊၂၊၃၊၄၊၈၊ မြင်းခြံခရိုင်ဒရုန်းတပ်ရင်းနှင့် အခြား Local PDF တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ပူး ပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-Myingyan Black Tiger
#မန္တလေး #မြင်းခြံ #အထူးစစ်ဆင်ရေး #တော်လှန်ရေးပူးပေါင်းအဖွဲ့ #စစ်ကောင်စီအရာရှိ #သေဆုံး #Ayeyarwaddy_Times