
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၂ ရက်
ရှမ်းပြည်(မြောက်ပိုင်း)အပါအဝင် နိုင်ငံတစ်ဝန်း တိုက်ပွဲများ အရှိန်ဟုန်မြှင့် ပြင်းထန်လာမှုကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင်အနေဖြင့် တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံရေးအား လက်တွေ့ကျကျ ကာကွယ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက တိုက်တွန်းပြော ဆိုခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ရောက်ရှိနေသည့် မစ္စမာကျားကို ယမန်နေ့ ဩဂုတ် ၂၁ ရက်က နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ၎င်း၏ သံအမတ်ခန့်အပ်လွှာကို လက်ခံခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုတွင် တရုတ်သံအမတ်ကြီးက မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်း လုံခြုံရေးကိုလက်တွေ့ကျကျ ထိန်းသိမ်းကာကွယ်ပေး၍ နှစ်ဦးနှစ်ဖက် ကူးလူးဖလှယ် ပူးပေါင်း ဆောင်ရွက်မှုအတွက် ဘေးကင်းသော ပတ်ဝန်းကျင် ဖန်တီးပေးရန် မျှော်လင့်သည်ဟု ပြောခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
တရုတ်အစိုးရအနေဖြင့် ယခုကဲ့သို့ တောင်းဆိုနေမှုသည် စစ်ကောင်စီအပြင် နယ်နိမတ်ချင်း ထိစပ် နေသော တိုင်းရင်းသား လက်နက်ကိုင်များ (EROs)နှင့်လည်း တောက်လျှောက်ရှိနေသဖြင့် မြန်မာ့ အရေးချဉ်းကပ်မှု ပြောင်းလဲလာစရာ မရှိကြောင်း တရုတ်-မြန်မာအရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာလှကျော်ဇောက ဆိုသည်။
“သူက စစ်ကောင်စီကို တောင်းဆိုသလိုပဲ နယ်နိမိတ်ချင်းစပ်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်း တွေကို လည်း တောင်းဆိုနေတာပဲ။ သူရဲ့ရင်းနှီးမြှုပ်နှံမှုတွေ မထိခိုက်ရဘူး။ သူ့လူတွေ မထိခိုက်ရဘူး။ ဒါမျိုး ကတော့ သူတောက်လျှောက် တောင်းဆိုနေတာ ဖြစ်တယ်။ အဲဒီတော့ တရုတ်ရဲ့ ချဉ်းကပ်မှုက ပြောင်းလာစရာ မရှိဘူး” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီကမူ အဆိုပါ ကိစ္စရပ်အပေါ် သတင်းချန်လှပ်၍ နှစ်နိုင်ငံအကြား အပြန်အလှန် ယုံကြည်မှုနှင့် ပူးပေါင်းမှုများ တိုးတက်စေရေး ဆောင်ရွက်သွားရန်၊ နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် ရပ်တည်ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ စသည် တို့ကိုသာ အလေးပေး ဖော်ပြခဲ့သည်ကို ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများအရ သိရသည်။
ယင်းအပြင် နှစ်နိုင်ငံ ချိတ်ဆက်မှုများ တိုးမြှင့်ပြီး သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရရှိခဲ့သော သဘောတူညီမှု ရလဒ်များကို အတူတကွ အကောင်အထည် ဖော်ရန်နှင့် တရုတ်နိုင်ငံ အကျိုးစီးပွားများနှင့် ပတ်သက်၍ စစ်ခေါင်းဆောင်၏ ကတိပေး ပြောဆိုမှုကိုလည်း ဖော်ပြထားခြင်းမရှိပေ။
စစ်ခေါင်းဆောင်က နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လက်တွေ့ကျကျ ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ လုံခြုံရေးနှင့် အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေမည့် မည်သည့်ကိစ္စရပ်ကိုမဆို ခွင့်ပြုမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မြန်မာ့အရေး တရုတ်ရဲ့ ချဉ်းကပ်မှုက မပြောင်းလဲနိုင်ပါ။ ထိပ်ပိုင်းခေါင်းဆောင် သမ္မတရှီ၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်နဲ့ နိုင်ငံခြ ားရေးဝန်ကြီး ဝမ်ယိတို့ သံန္နိဌာန် ပိုင်းဖြတ်ထားမှုကို ပြသထားပြီး ဖြစ်ပါတယ်။ ဖြစ်အောင် ဆက်အကောင်အထည်ဖော်ဖို့ စိတ်ပိုင်းဖြတ်မှု ရှိပါတယ်။ နိုင်ငံကြီးဆိုတော့ အင်အားလည်း ရှိပါတယ်ဟု အမည်မဖော်လိုသူ နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
လက်ရှိတွင် ရှမ်းမြောက်ဒေသအပါအဝင် ဆက်စပ်နေသော မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု စီမံကိန်း ၁၉ ခုရှိသည့်အနက် ၁ဝ ခုကို ယခုနှစ် ဩဂုတ် ၁၈ ရက်အထိ EAOs နှင့် PDFs တို့က အပြည့်အဝ ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေးအဖွဲ့ (ISP – Myanmar) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် တရုတ်-မြန်မာ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း၊ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်း/ရေကြောင်း ကုန်သွယ် ရေးစင်္ကြံသစ် (ILSTC) တို့အပါအဝင် မူဆယ်-မန္တလေး ရထားလမ်းနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကိုလည်း EAOs များက တစိတ်တပိုင်း ထိန်းချုပ်ထားကြောင်း သိရသည်။
#စစ်ခေါင်းဆောင် #တရုတ်စီမံကိန်းများ #လက်တွေ့ကျကျ #ကာကွယ်ပေးရန် #တရုတ်သံအမတ်ကြီးတိုက်တွန်း #Ayeyarwaddy_Times