
ဧရာဝတီတိုင်းမ်
သြဂုတ် ၂၂ ရက်
ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်တွင် ရေကြီးမှုကြောင့် ကွမ်းခြံများ ပျက်စီးကာ ကွမ်းစျေးတက်လာပြီး ဒေသတွင်းရောင်းချရန် ကွမ်းရွက်များ ရှားပါလာနေကြောင်း ပန်းတနော်မြို့နယ်ရှိဒေသခံများထံမှသိရသည်။
ရေကြီးမှုကြောင့် ကျေးရွာများနှင့်စပါးခင်းများပါ နစ်မြုပ်ပျက်စီးခဲ့ပြီး ကွမ်းခြံပေါင်း ရာချီ နစ်မြုပ်ပျက်စီးခဲ့သဖြင့် ကွမ်းရွက်ရှားပါလာခဲ့ပြီး စျေးလည်း အဆများစွာ တက်လာနေကြောင်းဒေသခံများထံမှ သိရသည်။
“ဒီဘက်ကကွမ်းခြံတွေဆို အကုန်မြုပ်ကုန်တယ် ။ကွမ်းကရေမြုပ်ရင် ပျက်စီးတာပဲ စျေးမကောင်းတော့ဘူး။ ရေမြုပ်တော့ ထပ်ပြီးစိုက်လို့လည်းမရတော့ ကွမ်းကပိုရှားလာတယ်”ဟု ပန်းတနော်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ကွမ်းစျေးတက်လာမှုကြောင့် ရေလွတ်သောခြံအချို့မှာ ဒေသတွင်းရောင်းချခြင်းမျိုးမရှိတော့ပဲ ရန်ကုန်ရှိကွမ်းဒိုင်များသို့ ပို့ဆောင်ကာရောင်းချနေကြကြောင်း ဒေသခံများထံမှသ်ိရသည်။
“ကွမ်းစျေးကအခုဆို ငါးသောင်းစျေးဖြစ်နေပြီ ။ နောက်ကွမ်းကလည်းအထွက်လျော့သွားတယ် အရင်က ခြံတစ်ခြံခူးရင် အနည်းဆုံး ခြင်း နှစ်ခြင်းလောက်ရတယ် ။ အခုက တစ်ခြင်းတောင်မပြည့်ဘူး ။ နောက်ဒိုင်တွေကလည်း ကွမ်းခူးတဲ့ရက်သိနေတော့ အပြင်ကိုထုတ်ရောင်းရင် နောက်တစ်ခါဆို ဒိုင်သွင်းလို့မရတော့ဘူး ။ဒါကြောင့် ဒိုင်ကိုပဲတင်ပြီးရောင်းတာပါ “ဟု ပန်းတနော်မြို့နယ်မှ ဒေသခံကွမ်းစိုက်သူအမျိုးသားတစ်ဦးမှဧရာဝတီတိုင်းမ်ကိုပြောသည်။
ပန်းတနော် ၊ကျောင်းကုန်းတို့တွင် ကွမ်းခြံများ ရေမြုပ်ကာ ပျက်စီးခဲ့သဖြင့် ကွမ်းရှားပါလာမှုကြောင့် ဒေသတွင်း ရောင်းချရန် ရန်ကုန်ဒိုင်များမှ ပြန်လည်ဝယ်ယူနေကြရကြောင်း ဒေသခံများထံမှသိရသည်။
#ရေကြီးမှုကြောင့် #ကွမ်းခြံများ #ပျက်စီး #ကွမ်းစျေးတက် #ပစ္စည်းရှားပါး #Ayeyarwaddy_Times