
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့ကို တော်လှန်ရေးတပ်ဖွဲ့များ မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်စိုးရိမ်၍ စစ်ကောင်စီ က မြို့ပေါ်ကို နာရီပိုင်းအတွင်း ပေါင် ၅၀၀ ဗုံးအပါ အဝင် ဗုံးအလုံးရေ ၆၇ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်မှစ၍ ထီးချိုင့်မြို့ပေါ်သို့ ပေါင် ၅၀၀ ဗုံး သုံး လုံးအပါအဝင် ဗုံးသီး ၆၇ လုံးကို Y-12 လေယာဉ်ဖြင့် ၁၄ ကြိမ်၊ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ် လာရောက်ကြဲချ တိုက်ခိုက်ခဲ့ကြောင်း Tigyaing Revolution-TR ထံက သိရသည်။
“စုစုပေါင်း ၁၄ ကြိမ် ဗုံးချသွား၊ နီတာဘက် ပြည်သူ တစ်ဦးနဲ့ နွား သုံး ကောင် အထိအခိုက်ရှိကြောင်းနှင့် နဝရတ်၊ စံပြ၊ ကုက္ကိုလ်ကုန်းနှင့် မြတောင်ဘက်ကမ်းများတွင် ချသွားကြောင်း သိရ”ဟု ထီးချိုင့် တော်လှန်ရေး သတင်းများကို ဖော်ပြနေသည့် TR ကထုတ်ပြန်ထား သည်။
ထီးချိုင့်မြို့ပေါ်ရှိ ဒေသခံပြည်သူများသည် လက်ရှိတွင် စစ်ဘေးရှောင်နေသည့်အတွက် လူထိခိုက်မှု မရှိကြောင်း သိရပြီး မြို့အနီးရှိ ကျေးရွာများမှ ဒေသခံများလည်း စစ်ရှောင်နေကြကြောင်း သိရသည်။
စစ်ကောင်စီသည် ထီးချိုင့်မြို့ မြသိန်းတန်တောင်ပေါ်စခန်း၊ ထီးချိုင့်တံတားနှင့် မြတောင်လမ်းဆုံတို့တွင် ဘန် ကာများ တည်ဆောက်၍ အခိုင်အမာတပ်စွဲထားကြောင်း သိရသည်။
ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များ မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဆိုသည့်သတင်းနှင့် စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ နဘားနှင့် ကသာလမ်းပိုင်းများတွင် တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲများဖော်ဆောင် နေသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့် ထီးချိုင့်မြို့ပတ်ဝန်းကျင်တွင် တပ်စွဲနေထိုင်နေကြကြောင်း သိရသည်။
ထီးချိုင့်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ အာရက္ခတပ်တော် (AA) နှင့် ဒေသခံ LPDF များက ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၈ ရက်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်းအမြောက် အများကို သိမ်းယူနိုင်ခဲ့သည်။
စစ်ကောင်စီသည် ထီးချိုင့်မြို့တစ်ခုလုံးနီးပါး ပျက်စီးသွားအောင် လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းထိုးဝင်ရောက်ကာ မြို့ကိုမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီက လက်ရှိ ထီးချိုင့်မြို့ပေါ်၌ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိဘဲ မြို့အတွင်း တစ်နာရီခွဲ အကြာ ဗုံး ၆၇ လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
#စစ်ကိုင်း #ထီးချိုင့် #စစ်ကောင်စီ #ပေါင်၅၀၀ #ဗုံး၆၇လုံးကြဲချ #Ayeyarwaddy_Times