
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် မြတောင်တပ်စခန်းကို တော်လှန်ရေး တပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီ၏ ကာကင်းသုံးခုကို သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေ ကြောင်း သိရသည်။
ထီးချိုင့်မြို့ရှိ စစ်ကောင်စီတပ်စွဲထားရာ နေရာများထဲမှ မြတောင်တပ်စခန်းကို ယနေ့ ဩဂုတ် ၂၁ ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဆိုပါတပ်စခန်း၏ ကာကင်းခစန်းများကို သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီက တိုက်လေယာဉ်များဖြင့် ဗုံးကြဲချခုခံ လျက်ရှိကြောင်း သိရသည်။
“မြတောင်ဘက်မှာ မနက်ကတည်းက တိုက်ပွဲဖြစ်နေတယ်ကြားတယ်။ စစ်တပ်က မနေ့ကတည်းက ဗုံးကြဲတာ။ ဒီနေ့မနက်မှာလည်း ဂျက်ဖိုက်တာတွေနဲ့ ဗုံးလာကြဲချနေတယ်။ အပြန်အလှန်ပစ်ခတ် သံတွေလည်း ကြားတယ်”ဟု ဧရာဝတီတိုင်းမ်၏ သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီသည် ယမန်နေ့ ဩဂုတ် ၂၀ ရက်နေ့ကလည်း ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံး ၃ ကြိမ်အပါ အဝင် ဗုံးသီး ၆၇ လုံးကို ကြဲချတိုက်ခိုက်ခဲ့ပြီး ထီးချိုင့်တစ်ဖက်ကမ်းရှိ မြတောင်ဘက်ကမ်းကို အဓိကထား ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီသည် ထီးချိုင့်မြို့ မြသိန်းတန်တောင်ပေါ်စခန်း၊ ထီးချိုင့်တံတားနှင့် မြတောင် လမ်းဆုံတို့တွင် ဘန်ကာများ တည်ဆောက်၍ အခိုင်အမာတပ်စွဲထားကြောင်း သိရသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ နဘားနှင့် ကသာလမ်းပိုင်းများတွင် တိုက်ပွဲများဖော်ဆောင်နေပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဆိုသည့်သတင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့်သည် ထီးချိုင့်မြို့ပတ် ဝန်းကျင်တွင် တပ်စွဲနေထိုင်နေကြကြောင်း သိရသည်။
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ အာရက္ခတပ်တော် (AA) နှင့် ဒေသခံ LPDF များသည် ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာ ၈ ရက်မှစတင်ကာ ထီးချိုင့်မြို့ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စခန်း အမြောက်အများကို သိမ်းယူနိုင်ခဲ့သည်။
စစ်ကောင်စီက လေကြောင်းမှနေ၍ မြို့တစ်ခုလုံးနီးပါး ပျက်စီးသွားအောင် တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာပေးခဲ့ချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်း ထိုးဝင်ရောက် ကာ မြို့ကိုမီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုံစာ-KIA ၊ PDF တပ်ဖွဲ့ဝင်များ (ပုံဟောင်း)
#စစ်ကိုင်း #ထီးချိုင့် #စစ်ကောင်စီကာကင်း #စခန်း၃ခု #တော်လှန်ရေးတပ်များ #သိမ်းပိုက် #Ayeyarwaddy_Times