ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အတွင်းရှိ တန်းလွဲချောင်းဖျားတောင်တန်းကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်လာကြောင်း သိရသည်။

စစ်ကောင်စီသည် ယမန်နေ့ ဩဂုတ် ၂၀ ရက် နေ့လယ် ၂ နာရီမှ စတင်ပြီး လေယာဉ်ဖြင့် တန်းလွဲချောင်းဖျား တောင်တန်းဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း ဒေသခံများထံက သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဩဂုတ် ၁၉ ရက်နေ့ကလည်း တောင်ကုတ် မြို့နယ်၊ ကျောက်ကြီးကွင်းတောင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် နေအိမ်များထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“မနေ့ကလည်း ဗုံးလာကြဲတယ်။ အဲဒီ ရွာတွေဘက်က လူတွေ မြို့ပေါ်ကို တက်ပြေးလာတယ်လို့ ကြားရတယ်။ ကျောက်ကြီးကွင်းကို ဗုံးလာကြဲတာ ည ၃ နာရီ နဲ့ ၂ ချက်တီးလောက်ဖြစ်မယ်။ နေအိမ်တွေလည်း မီး လောင်ပျက်စီးသွားတယ်”ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA) တို့သည် တောင်ကုတ်မြို့အတွင်းရှိ ဒေသခံအများစုကို စစ်ရှောင်ရန်အတွက် မြို့မှထွက်ခွာခွင့်မပေးတော့၍ မြို့ အတွင်း၌ ပိတ်မိနေကြောင်း သိရသည်။

“စစ်တပ်ကလည်း AA တွေ မြို့ထဲကထွက်လာပြီး မြို့ ကို ပိတ်ဆို့မှာစိုးလို့ မြို့ထဲကလူတွေကို ပေးမထွက်တော့ဘူး။ AA ဘက်ကလည်း စစ်ရေးအခြေအနေတင်းမာလာတယ်ဆိုပြီး ပေးမထွက်ဘူး။ အခု ဩဂုတ် လကတည်းက ထွက်ခွင့်မရတော့ဘဲ မြို့ထဲပိတ်မိနေကြတယ်။ ပထမက ကျွန်မတယောက်ထဲ ရန်ကုန်ထွက်မယ်ဆိုပြီး ဆေးခွင့်တွေရော၊ သင်တန်းတက်ဖို့ လျှောက်လွှာတွေပါ ဆိုင်ရာတွေမှာ လျှောက်ထားပြီး တင်ပြထားတာ အခုထွက်ခွင့်မပေးတော့ဘူး။ ဘာအကြောင်းပြချက်နဲ့မှ စစ်ရှောင်ခွင့်မပြုတော့ဘူး”ဟု အဆိုပါ ဒေသခံအမျိုးသမီးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိတွင် သံတွဲကို AA က သိမ်းပိုက်ပြီးနောက် တောင်ကုတ်နှင့် ဂွတို့တွင် စစ်ကောင်စီက ခုခံစစ်များ ပြင်ဆင်လျက်ရှိရာ ဂွမြို့နယ်ကို AA က တိုက်ခိုက်နေသည့်အတွက် တောင်ကုတ်ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်မှုများ ပြုလုပ်၍ ကြိုတင်စစ်ရေးပြင်နေကြောင်း သိရသည်။

#ရခိုင် #တောင်ကုတ် #စစ်ကောင်စီ #ဗုံးကြဲ #မြို့ကိုပိတ်ဆို့ #ဒေသခံများပိတ်မိ #Ayeyarwaddy_Times