
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းရှိ ကျိန္တလီမြို့ကို စစ်ကောင်စီက ကြည်း၊ရေ၊လေသုံး၍ နေ့စဉ်အပြင်း အထန်ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
စစ်ကောင်စီ၏ ကြည်း၊ရေ၊လေတို့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်၊ ဗုံးကြဲချတိုက်ခိုက်မှုတို့ကြောင့် ကျိန္တလီမြို့အတွင်းရှိ ရဲစခန်း၊ စည်ပင်ရုံး၊ လျှပ်စစ်ရုံး၊ အထက်တန်းကျောင်း၊ ကျိန္တလီဆေးရုံ၊ ခရစ်ယာန် ဘုရားကျောင်းနှင့် မြို့ပတ်အဝိုင်းအနီးတို့တွင် ပျက်စီးထိခိုက်မှုများကြောင်း သိရသည်။
“နေ့တိုင်းလိုလို လေယာဉ်ဗုံးလာကြဲတယ်။ ကျိန္တလီမြို့ကိုပတ်နေတဲ့ နေဗီကလည်း လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်တယ်။ ပြီးတော့ ဂွမြို့အမြင့်ပိုင်း တွေမှာ နေရာယူထားတဲ့ တပ်တွေကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကူတယ်”ဟု ဂွဒေသခံတစ်ဦးက ဧရာဝ တီတိုင်းမ်ကို ပြောသည်။
ဂွမြို့နယ်၊ ကျိန္တလီမှ ဂွမြို့အတွင်းသို့ အာရက္ခတပ်တော် (AA) တပ်များ ဝင်ရောက်စီးနင်းလာမည်စိုး၍ စစ်ကောင်စီက ဂွမြို့နယ် အတွင်းရှိ ခမရ-၅၆၃ တပ်စခန်းအနောက်ဘက်ရှိ မင်းတောင်ဘုရားကုန်း၊ ရွှေနန်းခိုင်စေတီတောင်ကုန်း၊ ကမ်းသာယာအနီးရှိ ရေမြင့်တောင်၊ ကြွေချိုင်ရှိ တံတားထိပ်တောင်ကုန်း၊ ကုလားပြင် (ရတနာမြိုင်ကျေးရွာ) ရဲစခန်းတောင်ကုန်းတို့တွင် လက်နက်ကြီးများချ၍ တပ်စွဲထား ကြောင်း သိရသည်။
ဂွမြို့နယ်အတွင်းရှိ ချင်းကွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့် ဩဂုတ် ၁၀ ရက်နေ့တွင် AA က ဝင်ရောက်တိုက်ထုတ်ခဲ့ပြီး ဩဂုတ် ၁၁ ရက်နေ့ တွင် ကျိန္တလီရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။
ဩဂုတ် ၁၃ ရက်နေ့တွင် ကျိန္တလီမြို့အတွင်းမှ စစ်ကောင်စီတပ်များ ဆုတ်ခွာသွားပြီး ကုလားပြင်၊ ကြွေ ချိုင်၊ ဆတ်သွား၊ ကမ်းသာယာတို့တွင် တပ်များပြန် လည်စုစည်းပြီး ခံစစ်ပြင်ဆင်ခဲ့သည်။
ဂွမြို့ရှိ စစ်ကောင်စီ ၏ ခမရ ၅၆၃ သည် ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်နေ့က ကျိန္တလီနှင့် ဂွမြို့အနီး ဝန်းကျင်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။
လက်ရှိတွင် AA က ကျိန္တလီမြို့အတွင်းရှိ ပိတ်မိနေသည့် ဒေသခံများကို ရနိုင်သလောက် ကယ်ထုတ် နေပြီး စစ်ဘေးရှောင်နိုင်ခြင်းမရှိဘဲ မြို့အတွင်းပိတ်မိနေသည့် ပြည်သူအချို့လည်း ရှိနေကြောင်း သိရသည်။
#ရခိုင် #ဂွ #ကျိန္တလီ #စစ်ကောင်စီ #ကြည်းရေလေ #ခုခံတိုက်ခိုက် #ခံစစ်အထူးပြင်ဆင် #Ayeyarwaddy_Times