ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ရေးတင်းမာနေသော်လည်း စစ်ကောင်စီက တက္ကသိုလ်ကျောင်း ဖွင့်လှစ်ရန် စီစဥ်ဆောင်ရွက်နေကြောင်း ဒေသခံများထံက သိရသည်။

ဟားခါးတက္ကသိုလ် ဝင်ခွင့်လျှောက်လွှာကို လာမည့် သြဂုတ်လ ၂၆ ရက်နေ့မှစ၍ စက်တင်ဘာလ ၁၂ ရက်နေ့အထိ စနေ၊တနင်္ဂနွေ ပိတ်ရက်မရှိ လက်ခံသွားမည်ဟု သိရသည်။

“စစ်သားတွေ ကျောင်းဝယျာဝစ္စ၊ ကျောင်းဝန်းထဲ သန့်ရှင်းရေးတွေ လုပ်နေကြပြီ။ ဆရာ၊ဆရာမ တွေလည်း ကျောင်းသားတွေ ကျောင်းလက်ခံဖို့ လုပ်နေကြပါပြီ။”ဟု ကျောင်းသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ ဟားခါးတက္ကသိုလ်တွင် စစ်ကောင်စီတပ်က နေရာယူ တပ်စွဲထား​ကြောင်းသိရသည်။

ထို့အပြင် ဟားခါးမြို့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေပြီး ရံဖန်ရံခါ ထိတွေ့ပစ်ခတ်မူများလည်း ရှိနေသည်။

“စစ်ကောင်စီက ကျောင်းဖွင့်မယ်လို့ပြောတာ။ ဟားခါးမှာ ဘယ်နေ့တိုက်ပွဲဖြစ်မလဲဆိုတာ မသိဘူး။ ဝန်ထမ်းတွေလည်း မနေရဲကြတော့ဘူး။ အကုန်လုံးက ထွက်ပြေးချင်ကြပြီ။ ညတိုင်းလိုလို သေနတ်သံတွေ ကြားနေရတယ်။”ဟု ကျောင်းဆရာမတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဟားခါး တက္ကသိုလ်တွင် စစ်ကောင်စီ အာဏာမသိမ်းခင်က ထန်တလန်၊ ဟားခါး၊ မတူပီ၊ ပလက်ဝမြို့နယ်တို့မှ ကျောင်းသားအများဆုံး လာရောက်ကျောင်းတက်ကြသည်။

စစ်ရေးပြင်းထန်နေသည့် ဟားခါးမြို့တွင် ဟားခါး – ထန်တလန် ကားလမ်းမ အသုံးမပြုရန်အတွက်လည်း ချင်းကာကွယ်ရေးတပ်(ဟားခါး)က သြဂုတ်လ ၁၉ ရက်နေ့တွင် ရေးပေါ် ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ်တွင်တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူ ကျောင်းသူ၊ကျောင်းသားများအနေဖြင့် ဝင်ခွင့်လျှောက်ထားနိုင်သည့် တက္ကသိုလ်စာရင်းများ ကြေညာရာတွင် တက္ကသိုလ်၂၃ ခုစာရင်းပါရှိပြီး တောင်ကုတ်၊ ကလေး၊ လားရှိုး စသည့် တက္ကသိုလ်များ မပါဝင်ကြောင်း သိရသည်။

#ဟားခါးမြို့ #စစ်ရေးတင်းမာနေ #တက္ကသိုလ်ဖွင့်ရန် #စစ်ကောင်စီ #စီစဉ် #Ayeyarwaddy_Times