
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၁ ရက်
ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ် ရှိကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးမှူးများမှ စစ်မှုထမ်းထောက်ပံကြေးဟုဆိုကာ ငွေကောက်ခံနေကြောင်းသိရသည်။
သာပေါင်းမြို့နယ်၊ကျီးပင်၊ထန်းတပင်၊ကျုံတဒွန်းစသည့်ကျေးရွာအုပ်စုများအပါအ၀င်ကျေးရွာများရှိ အသက် ၁၈မှ ၃၀အတွင်းလူငယ်များရှိသည့်နေအိမ်များကို စစ်မှုထမ်းအပါတ်စဥ်(၄)အတွက်ထောက်ပံ့ရန်တစ်ဦးလျှင် ကျပ်လေးသောင်းမှ ကျပ်ငါးသောင်းနှုန်းကောက်ခံနေကြောင်း ဒေသခံများမှပြောသည်။
“အုပ်ချုပ်ရေးမှူးနဲ့စာရေးတွေက လိုက်တောင်းနေတာပါ ကျုံတဒွန်းကျေးရွာအုပ်စုကတော့ အဆိုးဆုံးပါပဲ။ လူငယ်တစ်ဦးရှိရင် လေးသောင်းထည့်ရတယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
သာပေါင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင်သြဂုတ်လအတွင်း ရေကြီးနစ်မြုပ်မှုဒဏ်ကြောင့် စပါးနှင့်သီးနှံများပျက်စီးဆုံးရူံးခဲ့ပြီး ယခုကဲ့သို့ စစ်မှုထမ်းထောက်ပံကြေးဟု ဆိုကာ ကောက်ခံမှုကြောင့် အခက်အခဲများနှင့်ရင်ဆိုင်နေရကြောင်းဒေသခံများထံမှ သိရှိရသည်။
ဧရာ၀တီတိုင်း အတွင်းရှိ မြို့နယ်များတွင် ရပ်ကွက်၊ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို အသုံးပြုပြီး စိတ်ထင်သလိုငွေတောင်းခံခြင်း၊ မဲပေါက်သည်ဟုဆိုကာ သင်တန်းသို့စေလွှတ်ခြင်းများလုပ်ဆောင်နေကြကြောင်း ဒေသခံများထံမှသိရှိရသည်။
#သာပေါင်းမြို့နယ် #ကျေးရွာအုပ်စုစစ်မှုထမ်း #ထောက်ပံကြေး #ငွေကောက်ခံနေ #Ayeyarwaddy_Times