ဧရာဝတီတိုင်းမ်
သြဂုတ် ၁၉ ရက်

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ဖွီကျေးရွာကို စစ်ကောင်စီက ယနေ့ သြဂုတ်လ ၁၉ ရက်နေ့ မနက် ၃နာရီခန့်တွင် ပေါင် ၅၀၀ ဗုံးသီးအပါဝင် လေကြောင်းတိုက်ခိုက်မူ ပြုလုပ်ခဲ့ကြောင်းဒေသခံများထံက သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မူကြောင့် ဖွီကျေးရွာရှိစာသင်ကျောင်းနှင့် ဝဥစိုက်ခင်းတို့ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

“ဗုံးသီးက ကျောင်းအနား နှစ်လုံးလောက်လာကြဲသွားပြီး တစ်လုံးက မပေါက်ကွဲဘဲ ဖြစ်နေတယ်။ ကျောင်းက အနည်းငယ်ပျက်စီးသွားတယ်။ ဝဥစိုက်ခင်းက အတော်လေးပျက်စီးသွားတယ်။ ကျန်တာတော့ ထိခိုက်မူမရှိဘူး” ဟု မင်းတပ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဩဂုတ်လ ၁၇ရက်နေ့ကလည်း ​မင်းတပ်အခြေစိုက် စစ်ကောင်စီ၏ ခလရ ၂၇၄ တပ်ရင်းမှ မြို့အနီးနား ပတ်ဝန်းကျင် ကျေးရွာများကို လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ကြောင်း ဒေသခံများထံကသိရသည်။

မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည့်အတွက် လူစုလူဝေးရှောင်ပေးကြရန်၊ နေအိမ်အောက်မဟုတ်သော နေရာများတွင် ပုန်းခိုစရာနေရာများ သေချာတူးထားရန် ချင်းကာကွယ်ရေး(မင်းတပ်)က ယနေ့ သြဂုတ်လ ၁၉ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့် အန္တရယ်ကင်းရန်သတင်းများစုံစမ်းရာတွင် အုပ်ချုပ်ရေးမှူး (သို့) တာဝန်ရှိသူများကိုသာ မေးမြန်းကြပါရန်နှင့် ပြည်သူများ စိတ်သောကရောက်စေသည့် သတင်းမှားဖြန့်ဝေခြင်းများ မပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။

ယခုနှစ်ခြောက် လတာအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ၈၆ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ရှစ်ဦးအပါအဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့ကာ ပြည်သူ ၅၀ ကျော်နှင့် ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင့် သိရှိရသည်။

#မင်းတပ်မြို့နယ် #လေကြောင်းတိုက်ခိုက်မူ #စာသင်ကျောင်း #ဝဥစိုက်ခင်း #ပျက်စီး #Ayeyarwaddy_Times