
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
စစ်ကောင်စီက ပြည်တွင်းသုံးစွဲမှုများသည့် စားအုန်းဆီကို အပတ်စဉ်ဈေးသတ်မှတ်လေ့ရှိရာ ယခု တစ်ပတ်တွင် စားအုန်းဆီဈေးတစ်ပိဿာ ကျပ် ၆၀၀၀ ကျော်သွားပြီး ပြည်တွင်းစားသုံးဆီ ဖူလုံရေး အတွက် နေကြာသီးနှံစိုက်ပျိုးမှုကို တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီက စားအုန်းဆီရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းသတ်မှတ်ရာတွင် ဩဂုတ် ၁၉ ရက်မှ ၁၅ ရက်နေ့အထိ စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၆၁၇၀ ဖြစ်ကြောင်း သတ်မှတ်ထားသည်။
ပြည်တွင်းစက်သုံးဆီဖူလုံရေးအတွက် တိုင်းနှင့်ပြည်နယ်တို့တွင် နေကြာသီးနှံကို သီးထပ်သီးနှံအဖြစ် ထိထိရောက်ရောက်စိုက်ပျိုးလုပ်ကိုင်ရန် ၂၀၂၄- ၂၀၂၅ ခုနှစ်တွင်း မိုးနှင့် ဆောင်းစိုက် ဧက ၁ ဒသမ ၀၉ သန်းရှိကာ လာမည့် ၂၀၂၇ -၂၀၂၈ ခုနှစ်တွင် ၃ ဒသမ ၀၇ သန်းဖြင့် တိုးချဲ့စိုက်ပျိုးသွာမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမင်းနောင်၏ ပြောကြား ချက်အရသိရသည်။
လက်ရှိစာသုံးဆီ ဈေးကွက်အတွင်း စားသုံးဆီအမယ်စုံ ဈေးမြင့်တက်လျက်ရှိကာ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၁၅၀၀၀ မှ ၁၆၀၀၀ ကြား ၊ ဟင်းသီးဟင်းရွက်ဆီ (စားအုန်းဆီအဆင့်မြင့်ထား) တစ်ပိဿာ ၂၂၀၀၀ ကျပ်၊ ပဲဆီ တစ်ပိဿာ ၂၆၀၀၀ ကျပ်နှင့် ထိုင်းနိုင်ငံထုတ်စားသုံးဆီဘူး ပုစွန် နှစ်ကောင်၊ Cook ဆီအမျိုးအစားများလည်း ဈေးမြင့်တက်လျက်ရှိသည်။
“ဈေးသည်တွေဆီမှာ စားအုန်းဆီထုတ်တဲ့ကတ်ပြားရှိတယ်။ အဲဒီကတ်နဲ့ဆီပေးတဲ့နေရာမှာ ဆီထုတ်လို့ ရတယ်။ ငါးဆယ်သားရတယ်။ အရင်တုန်းကတော့ တစ်ပိဿာရတယ်။ ဈေးတော်တော်များတော့ ရတယ်။ အချို့ဈေးတွေမှာ ဈေးသည်တွေ ဆီထုတ်လို့မရတော့ဘူးလည်း ကြားတယ်။ ဒီဈေးမှာတော့ ရသေးတယ်”ဟု မရမ်းကုန်းမြို့နယ်ရှိဈေးသည်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီဝန်ထမ်းများသည် မကြာခင်လပိုင်းက စားအုန်းဆီ ၅၀ ကျပ်သားဘူးနှစ်ဘူးဝယ်ယူခွင့်ရပြီး ရပ်ကွက်ဈေးအတွင်းရှိ ဈေးသည်များကို ကတ်စနစ်ဖြင့် စားအုန်းဆီပေးလျက်ရှိကြောင်းသိရသည်။
မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအပါအဝင် ဆီတင်သွင်းသောကုမ္ပဏီများ သတ်မှတ်ထားသည့် ဆီအရောင်းဆိုင်များတွင် စားအုန်းဆီ ၅၀ ကျပ်သားရရန် တန်းစီ၍ ဝယ်ယူ နေရခြင်းဖြစ်သည်။
ပြည်တွင်းဈေးကွက်အတွင်းစားအုန်းဆီကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့်လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#စစ်ကောင်စီသတ်မှတ်ဈေး #စားအုန်းဆီရည်ညွှန်းဈေးတက် #စားသုံးဆီဈေးမြင့်တက် #Ayeyarwaddy_Times