အယိုက်လင်း/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်

စစ်ကောင်စီတပ် ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ခိုးဆိုးလုယက်၊ လူသတ်မှုများ ပိုမိုဖြစ်ပွါးနေကြောင်း ဒေသခံများထံက သိရသည်။

တမူးမြို့သည် စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့အပါဝင် ၎င်းလက်အောက်ခံများဖြစ်သည့် ပျူ၊ ကသည်း၊ ရှမ်းနီး စသည့် ပူးပေါင်းတပ်တို့ အများပြားနေရာယူ တပ်စွဲထားသည့်မြို့လည်းဖြစ်သည်။

စစ်ကောင်စီ ပူးပေါင်းတပ်တို့ တပ်စွဲထားသည့် တမူးမြို့တွင် ယခုနှစ် ခိုးဆိုးလုယက်၊ လူသတ်မှုပိုမိုဖြစ်ပွါးလာပြီး မည်သူမှ အရေးယူဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။

တမူးမြို့တွင် သြဂုတ်လ ၁၅ ရက်နေ့က ချင်းအမျိုးသား တစ်ဦးကို ကံကြီးဝ တံတားတွင် ပျူစောထီးအဖွဲ့က သေနတ်ဖြင့် ပစ်သတ်ပြီး အလောင်းကို ငွေကျပ်တစ်သိန်းဖြင့် ရွေးခိုင်းသည့်ဖြစ်စဉ် ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများကပြောသည်။

“သူက မြို့သစ်ဘက်က တမူးမှာ မိသားစုနဲ့အတူ စစ်ဘေးရှောင်တာ ကြာပါပြီ။ တမူးမြို့ထဲ စျေးကအပြန် တံတားမှာ ပျူစေားထီးတွေနဲ့ တွေ့ပြီး သေနတ်နဲ့ပစ်သတ်လိုက်တာဖြစ်တယ်”ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အလားတူ ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ကလည်း အိန္ဒိယနိုင်ငံသား သုံးဦး တမူးမြို့သို့ လာရောက်စဥ် ပျောက်ဆုံးသွားပြီး တစ်ပတ်ကြာ သြဂုတ်လ ၉ ရက်နေ့တွင် အမှိုက်ပုံးထဲ အလောင်းစွန့်ပစ်ထားသည်ကို တွေ့ရသည်ဟု ဒေသခံများထံက သိရသည်။

အဆိုပါ သေဆုံးသွားသည့် အိန္ဒိယနိုင်ငံသား သုံးဦးနှင့်ပတ်သက်၍ တမူးဒေသခံများသည် စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများမှ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသည်။

ထို့အပြင် ဩဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်းကလည်း ပျူစောထီးအဖွဲ့ဝင်ဟောင်း နှစ်ဦးသည် ကော်သေနတ်ဖြင့် ရပ်ကွက်ထဲတွင် လှည့်လည်ပြီး ဓားပြဝင်တိုက်ခဲ့သည်ဟုဆိုသည်။

“ပျူစောထီးအဖွဲ့ဝင်ဆိုတာ တစ်ယောက်ကို ဖမ်းမိမှ သိရတာပါ။ တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားတယ်။ နားကပ်၊ ရွှေကြိုး၊ ပိုက်ဆံတွေပါသွားတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ယခုရက်ပိုင်းတွင်း တမူးမြို့တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ဒေသခံပြည်သူများ၏ ကျွဲ၊ နွားများကို ခိုးယူသတ်စားသည့်အပြင် ရောင်းချနေကြောင်းလည်း ဆိုသည်။

“ကျွန်တော်တို့တွေက တမူးမြို့အပြင် စားကျက်မြေမှာ ဒီအတိုင်းလွှတ်ထားတာ။ အဲ့ဒါကို ပျူစောထီးတွေက ပေါ်တင်ကြီး ဆွဲခေါ်ပြီး ရောင်းချ၊ သတ်စားကြတယ်။ ဘယ်သူမှမတားရဲဘူး။ အခုရက်ပိုင်း အတော်လေးအခြေနေဆိုးလာပါတယ်” ဟု ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ကျွန်းပင်သာကျေးရွာက စစ်ဘေးရှောင်နေအိမ်များကိုလည်း သြဂုတ်လ ၁၅ ရက်နေ့တွက အကြောင်းမဲ့မီးရှို့ဖျက်ဆီးသည့်အတွက် နေအိမ်အများပြား မီးလောင်ပျက်စီးသွားကြောင့် သိရသည်။

#စစ်ကောင်စီတပ် #ထိန်းချုပ်ထားသည့် #တမူးမြို့ #ခိုးဆိုးလုယက် #လူသတ်မူ #Ayeyarwaddy_Times