
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲဖြစ်ပွား လျက်ရှိရာ စစ်ကောင်စီက ကြည်း၊ ရေ၊ လေမှနေ၍ ခုခံတိုက်ခိုက်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့က ချင်းကွင်းကျေးရွာတိုက်ပွဲမှစတင်ပြီး ကျိန္တလီမြို့သို့ကူးစက်လာသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်များအကျအဆုံးများပြီး မူလစခန်းနေရာများကိုစွန့်ခွာကာ စုပေါင်း ခံစစ်ပြင်ထားကြောင်း သိရသည်။
ဩဂုတ် ၁၇ရက်နေ့က ဂွမြို့ ခမရ ၅၆၂မှထွက်လာသည့် စစ်ကူကားနှစ်ပြီးအပြည့် စစ်ကောင်စီ တပ်များသည် ကျိန္တလီမြို့နှင့် ၂မိုင်အကွာ ကျောက်ပါးစပ်ရွာအနီးတွင် စခန်းချ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဂွ ခမရ ၅၆၂ကနေ စစ်ကားတွေ ကျောက်ပါးစပ်ကို စစ်ကူသွားတယ် သိရတယ်။ ပြည်သူ့စစ် တွေများတယ်။ ဂွမြို့ထဲလည်း လုံခြုံရေး အပြည့် ယူထားတယ်။ ကျိန္တလီကို ကြည်း၊ ရေ၊ လေကနေတိုက်နေတာပါ” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် ကြွေချိုင်နှင့် ကုလားပြင်တို့တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့များမှနေ၍ လက်နက်ကြီး များဖြင့် ပစ်ခတ်နေပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ကာ ကျိန္တလီအနီးရှိ နေဗီများမှလည်း မြို့အတွင်းကို လက်နက်ကြီးများဖြင့် လှမ်းပစ်ကြောင်း သိရသည်။
တိုက်ပွဲမှာ ကျိန္တလီမြို့နှင့် ၂ မိုင်ကွာဝေးသည့် ကျောက်ပါးစပ်အနီးကို ရောက်ရှိလာပြီး ကျိန္တလီမြို့တွင်းရှိ ပိတ်မိနေသူ ဒေသခံများကို AA က ကယ်ထုတ်နေကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ကုလားပြင်တွင်လည်း ဒေသခံများမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေထိုင်နေကြပြီး စစ်ကောင်စီက ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို လူနေအိမ်များအတွင်းသို့ ထည့်သွင်း ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့က စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကျိန္တလီမြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းထိမှန်ပြီး ဒေသခံ ၁၁ဦး သေဆုံးကာ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
#ဂွမြို့နယ် #ကျိန္တလီမြို့ #စစ်ကောင်စီ #ကြည်း #ရေ #လေ #တိုက်ခိုက် #Ayeyarwaddy_Times