ဧရာဝတီတိုင်းမ်
​ဩဂုတ် ၁၉ ရက်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် စားအုန်းဆီဝယ်ယူခွင့် ရရှိနိုင်ရန်အတွက် စာအုပ်လုပ်ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသခံများအနေဖြင့် စားအုန်း​ဆီဝယ်ယူခွင့်စာအုပ်ပြုလုပ်ရာတွင် အိမ်ထောင်စုစာရင်းမိတ္တူပေးရကြောင်း အိမ်ထောင်တစ်စုလျှင် လူတစ်ဦးသာခွင့်ပြုကြောင်း တစ်လလျှင် သုံးကြိမ်ရောင်းချပေးမည်ဟု သိရှိရကြောင်းဒေသခံတစ်ဦးက ပြောသည်။

“ရပ်ကွက်ရုံးမှာ ဆီထုတ်ပေးမယ်ဆိုပြီး စာအုပ်လုပ်ပေးနေတယ်။ တစ်အိမ်တစ်ယောက်ပဲရတယ်။ တစ်လ သုံးကြိမ်ရောင်းမယ်လို့ ပြောတယ်။ တစ်ခါထုတ် ၅၀ သားနှုန်းနဲ့ ” ဟု ဇလွန်မြို့ပေါ်နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဆီရောင်းချမှုမှာ တစ်ဦးလျှင် ၅၀ ကျပ်သားနှုန်းဖြင့် တစ်လလျှင် သုံးကြိမ်နှုန်းရောင်းချပေးမည်ဖြစ်ပြီး ၅၀ ကျပ်သားလျှင် ၃၄၀၀ ကျပ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

“အပြင်စျေးထက် သက်သာတယ်ဆိုတော့ ငွေကြေးမတတ်နိုင်တဲ့သူတွေကတော့ စာအုပ်လုပ်ပြီး တစ်လ ဆီ တစ်ပိဿာခွဲနဲ့ ချွေတာစားသောက်ကြရမှာပေါ့။ အပြင်စျေးက တစ်ပိဿာ နှစ်သောင်းဝန်းကျင်ဆိုတော့ သာမန်လက်လုပ်လက်စားတွေ ဝယ်မသုံးနိုင်ကြဘူးလေ”ဟု ဇလွန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လက်ရှိ ဇလွန်မြို့တွင် စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၂၀၀၀၀ ဝန်းကျင်ရှိနေကြောင်း ဇလွန်မြို့ပေါ်ရှိ ကုန်စုံဆိုင်များထံမှ သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#ဇလွန် #စားအုန်းဆီ #ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး #စာအုပ်
#Ayeyarwaddy_Times