
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
စစ်ရေးအပါအဝင် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းယုံကြည် စိတ်ချရသည်ဟု ယူဆသော လူယုံများကို လုပ်ပိုင်ခွင့်၊ ကွပ်ကဲခွင့်ထက် ရာထူးတိုး ပေးမှုများကို ပိုမိုလုပ်ဆောင်လာကြောင်း လေ့လာသူနှင့် CDM အရာရှိများထံက သိရသည်။
စစ်ခေါင်းဆောင်သည် ၎င်း၏ လူယုံတော်ဟု လူသိများသော ဒုတိယဗိုလ်ချုပ်ကြီးများဖြစ်သည့် စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေး၊ တွဲဘက်အတွင်းရေးမှူး ရဲဝင်းဦးနှင့် စစ်ကောင်စီအဖွဲ့ဝင်၊ အကြံပေး ညိုစောတို့ကို ဗိုလ်ချုပ်ကြီးအဖြစ် ယခုရက်ပိုင်းအတွင်း ရာထူးတိုးပေးခဲ့ကြောင်း သိရသည်။
“မင်းအောင်လှိုင်က Personalist regime (တကိုယ်တော်ရှိုး အုပ်စိုးမှုစနစ်) ပါ၊ လူပုဂ္ဂိုလ်ပေါ် အခြေတည်ပါတယ်။ နီးစပ်သူ လူယုံကိုပဲ မြှောက်စားပါတယ်။ စစ်တပ်အင်အား ကြီးထွားလာလို့ ဗိုလ်ချုပ်ကြီး တိုးပွားလာတာ မဟုတ်သလို စစ်တိုက်လို့ မြှောက်စားတာလည်း မဟုတ်ပါဘူး” ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဗိုလ်ချုပ်ကြီးများ ဖြစ်လာသော အဆိုပါသုံးဦးတွင် ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေးသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ကျောင်းဆင်းဖြစ်ပြီး ယခင်ကတည်းက စစ်ခေါင်းဆောင်နှင့် နီးစပ်၍ တာဝန်အတူ ထမ်းဆောင်ခဲ့ဖူးသလို ဒကစမှူး (စစ်တွေ)၊ စစ်တက္ကသိုလ် အောင်ဇေယျ ဗိုလ်လောင်းတပ်ရင်းမှူး အပါအဝင် စသည့်တာဝန်များလည်း လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။
ယင်းအပြင် ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ဗိုလ်သင်တန်း (OTS) အပတ်စဉ် (၇၇) ကျောင်း ဆင်းဖြစ်ပြီး လက်ရှိ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ခမည်းခမက် တော်စပ်ကာ ၎င်းသည် တွဲဘက်အတွင်းရေးမှူးအပြင် စစ်ဖက်ရေးရာလုံခြုံရေး အရာရှိချုပ်အဖြစ် တာဝန်ယူ၍ နိုင်ငံတကာသံတမန်များနှင့် စစ်ခေါင်းဆောင် တွေ့ဆုံတိုင်း အမြဲပါလေ့ ရှိကြောင်း သိရသည်။
ထို့အတူ စစ်ကောင်စီ အဖွဲ့ဝင်နှင့် အကြံပေးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောသည်လည်း စစ်တက္ကသိုလ် အပတ်စဉ် (၂၃) ကျောင်းဆင်းဖြစ်ပြီး တိုင်းမှူးတာဝန်များအပြင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)နှင့် စစ်တပ်ပိုင် အင်းဝဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ရုရှားထံမှ ဆီဝယ်ယူရေးအား ဦးဆောင်ခဲ့သူ၊ ပြည်ထောင်စုဝန်ကြီးအဆင့် သတ်မှတ်ထားသူဖြစ်ကြောင်း သိရသည်။
“လက်ရှိ စစ်တပ်ဘက်က အလူးအလဲ ရှုံးနေချိန်မှာ ရာထူးတိုးပေး လိုက်တယ်ဆိုတာက တရားခံအဖြစ် အဖော်ညှိလိုက်တာပါပဲ။ ရာထူးတိုးပေးတဲ့ အကြောင် ရင်း ဖြစ်နိုင်ချေ နောက်တခုကတော့ နောက်လူတွေကို ရာထူးအမြင့်တွေ ဆွဲတင်ပြီး တပ်ချုပ်က ကိုယ်လွတ်ရုန်းသွားမယ့် နည်းပါ” ဟု CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ခေါင်းဆောင် ရာထူးတိုးပေး၍ ဗိုလ်ချုပ်ကြီးများ ဖြစ်လာသည့် ယင်းသုံးဦးအနက် စစ်ဖက်ရေး ရာလုံခြုံရေး အရာရှိချုပ်အဖြစ်ပါ တာဝန်ယူထားသော ရဲဝင်းဦး တစ်ဦးတည်းသာ လက်အောက်ခံတပ် ရှိနေသည်ဟု သိရှိရပြီး ၎င်းတို့ကို ကွပ်ကဲခွင့်ပေးမည် မဟုတ်သလို လက်ရှိတွင် စစ်ကောင်စီတပ်သည် ဖွဲ့စည်းပုံနှင့် စည်းမျဉ်းဥပဒေ ပျက်နေသော စစ်တပ်ဖြစ်နေကြောင်း CDM အရာရှိများက သုံးသပ်ကြသည်။
စစ်ခေါင်းဆောင်သည် အာဏာသိမ်း ၃ နှစ်ကျော်အတွင်း ၎င်းနှင့် သဘောထားကွဲသော စစ်ကောင်စီ အဖွဲ့ဝင် အရပ်ဘက် နိုင်ငံရေးသမားတချို့နှင့် ဒုဗိုလ်ချုပ် ကြီးများအပါအဝင် အုပ်ချုပ်ရေး ထိပ်ပိုင်းများ ကို လူပြောင်း၊ ခန့်အပ်၊ ဖြုတ်ပယ် စသဖြင့် အကြိမ်ကြိမ် ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ခဲ့ရာ လက်ရှိတွင် ၁၅၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ထို့အပြင် စစ်ခေါင်းဆောင်အား အနီးကပ်အကြံပေးရသည့်အဖွဲ့နှင့် စစ်ကောင် စီအား အကြံပေးရသည့် အဖွဲ့ကိုလည်း ဖွဲ့စည်းထားပြီး စစ်ခေါင်းဆောင်၏ အနီးကပ်အကြံပေးအဖွဲ့တွင်မူ စစ်ဘက်မှ သုံးဦးနှင့် အရပ်ဘက်မှ လေးဦးပါဝင်ကာ ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်သည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP- Myanmar) ၏ စစ်တမ်းများအရ သိရသည်။
“အရင်တုန်းက လူစားလဲလိုက်လို့ အသစ်တက်လာတဲ့အခါ ပြည်သူက အပြောင်းအလဲကို မျော်လင့်တာမျိုး ရှိခဲ့ဖူးတယ်။ ဒီတစ်ခါမှာတော့ တပ်ချုပ်ပြောင်းခဲ့ရင်တောင် ပြည်သူ့သဘောထားက ပြောင်းတော့မှာ မဟုတ်ဘူး” ဟု CDM ဗိုလ်ကြီး ညီသုတက သုံးသပ်သည်။
စစ်ကောင်စီ အကြံပေးအဖွဲ့ကို အနားပေးခံရသည့် အရပ်ဘက် နိုင်ငံရေးသမားများဖြင့် ဖွဲ့စည်းထားပြီး စုစုပေါင်း ကိုးဦးပါဝင်ကာ ပုဂ္ဂလိက အကြံပေးများလည်း ရှိနေပြီး ယင်းတို့မှာ လက်ရှိ ဗိုလ်ချုပ်ကြီး ဖြစ်လာသူ ညိုစောနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင်တို့ဖြစ်ကြောင်း သိရသည်။
လက်ရှိစုဖွဲ့မှုအရ စစ်ခေါင်းဆောင်၏ အနီးဆုံးစည်းတွင် စစ်ဘက်ကောင်စီဝင်များသာ ရှိနေပြီး တစ်ကိုယ်တော်ရှိုး အုပ်စိုးမှုစနစ်ဖြင့် အုပ်ချုပ်လေ့ရှိသော ခေါင်းဆောင်များသည် အဖွဲ့အစည်းစနစ် (အင်စတီကျူးရှင်း)များကို အားကိုးအားထား ပြုလေ့မရှိဘဲ သစ္စာခံသူများကိုသာ အာဏာ၏ အရေးပါသော နေရာများတွင် နေရာချထားလေ့ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ဂျူနီယာများကို အကြံပေးအဖြစ် တာဝန်ပေးခြင်းမှာ စစ်တပ်၏ အင်စတီကျူးရှင်း ဓလေ့အရ အလုပ်မဖြစ်သလို လက်ရှိအချိန်ထိ စစ်ခေါင်းဆောင် သည် တစ်ကိုယ်တော် ထင်တိုင်းကြဲနေပြီး နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် လုပ်ငန်းတာဝန်အားလုံးကို ၎င်းတစ်ဦး တည်းက ဆုံးဖြတ်ချက်ချနေကြောင်း ISP- Myanmar ထံက သိရသည်။
#တစ်ကိုယ်တော် #ထင်တိုင်းကြဲ #စစ်ခေါင်းဆောင်လူယုံများ #ရာထူးတိုးမြှင့်ပေး #တရားခံများ #အဖော်ညှိလာ #Ayeyarwaddy_Times