ဧရာဝတီတိုင်းမ်
သြဂုတ် ၁၉ ရက်

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့တွင် စစ်မှုထမ်းဆောင်ရန်အသက်ပြည့်သည့် လူငယ်များအားလုံးကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အုပ်ချုပ်ရေးမှူး၏ညီဖြစ်သူက ငွေများတောင်းယူနေကြောင်း ဒေသခံများထံကသိရသည်။

နွားခြံအုပ်စုရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကိုဌေးနှင့် အုပ်ချုပ်ရေးမှူးရဲ့ညီဖြစ်မှာ မောင်မောင်လေးတို့ဖြစ်ပြီး အသက် ၁၈ နှစ်မှ ၃၅ နှစ်အကြားရှိ လူငယ်အားလုံးကို အမှတ်စဥ်(၄) ပြည်သူ့စစ်မှုထမ်းအတွက်ဟုဆိုကာ ငွေကျပ် သုံးသောင်း တောင်းယူနေသည်ဟု သိရသည်။

“စစ်မှုထမ်းအတွက် လူငှားထည့်ပေးရမယ်ဆိုပြီးပြောတယ်။ အပတ်စက် ၄ အတွက်ဆိုပြီး အတင်းအဓမ္မလိုက်ကောက်နေတာပါ။ အဲ့တာတင်မဟုတ်သေးဘူးခင်ဗျ အုပ်ချုပ်ရေးမှူး ကိုဌေးက သူရဲ့တူ သက်နိုင်ဦးကို စစ်မှုထမ်းစာရင်းထဲပါမှာဆိုးလို့ အုပ်ချုပ်ရေးမူးလက်ထောက်ဆိုပြီး သူကိုယ်တိုင် ခန့်ထားသေးတယ်”ဟု နွားခြံအုပ်စုမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

ထို့ပြင် နွားခြံအုပ်စုရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးကိုဌေးမှာ ဇူလိုင်လကကျမ်းမာရေးမကောင်း၍ ဆေးရုံတက်နေရချိန် ဦး၀င်းအောင်အား ယာယီအုပ်ချုပ်ရေးမှူးအဖြစ်ခန့်အပ်ထားခဲ့ပြီး ဦးဝင်းအောင်က စစ်မှုထမ်းလူစားထိုးရမည်ဟုအကြောင်းပြကာ ငွေကျပ်
နှစ်သောင်း တောင်းယူခဲ့ကြောင်းသိရသည်။

သြဂုတ်လ ပထမပတ်အတွင်းကလည်း အင်္ဂပူမြို့နယ် သပြေကျေးရွာအုပ်စုတွင် အသက် ၁၈နှစ်မှာ ၃၅ နှစ်အတွင်း စစ်မှုထမ်းဆောင်ရန်အသက်ပြည့်မှီသူများ၏ နေအိမ်တိိုင်းကို ကျပ်ငွေ တစ်သိန်းခွဲအထိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက တောင်းယူခဲ့ကြောင်း ဒေသခံများကပြောသည်။

အင်္ဂပူမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ကျေးရွာတစ်ရွာလျှင် တစ်ယောက်နှုန်း ပြည်သူ့စစ်မှုထမ်းစာရင်းပေးရပြီး မဲစာရင်းပါသည့် နေအိမ်တစ်အိမ်လျှင် ငါးသောင်းပေးရကာ မဲစာရင်းမပါသည့်နေအိမ်များက တစ်အိမ်လျှင် သုံးသောင်းကျပ် ပေးဆောင်ရကြောင်း ဒေသခံများကပြောသည်။

ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များသည် ၎င်းတို့၏ သားသမီးများကို အမှတ်စဥ် (၁) ၊ အမှတ်စဥ်(၂) အမှတ်စဥ် (၃) အမှတ်စဥ် (၄) တို့တွင် စစ်မှုထမ်းဆောင်ရန်ချန်လှပ်ထားပြီး ၎င်းတို့နှင့် ပြေလည်ခြင်းမရှိသူ၊ ငွေကြေးမပြည့်စုံသူ အများစုကိုသာ စစ်မှုထမ်းဆောင်ရန် စာရင်းများပေးသွင်းလေ့ရှိကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီတပ်သည် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများကို သင်တန်ဆင်းလျှင် စစ်မတိုက်ခိုင်းဘဲ ဂိတ်စောင့်၊ နယ်မြေလုံခြုံရေးတာဝန်းများသာ ထမ်းဆောင်ခိုင်မည်ဟုပြောဆိုသော်လည်း အမှန်တကယ်တွင် တပ်အင်အားလိုနေသည့် ရှေ့တန်းသို့ပို့ဆောင်လျက်ရှိကြောင်းသိရသည်။

စစ်ကောင်စီသည် ၎င်းတို့တပ်များတွင် စစ်မှုထမ်းဆောင်ရန်အတွက် နည်မျိုးစုံဖြင့် လူငယ်များကို စုဆောင်းလျှက်ရှိပြီး စစ်မှုထမ်း အမှတ်စဥ် (၄) ကို ဇူလိုင်လနောက်ဆုံးပတ်က ဖွင့်လှစ်ခဲ့ကာ ယခုသြဂုတ်လတွင် စတင်သင်တန်းပေးနေကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံကသိရသည်။

ဓာတ်ပုံ-ပြည်သူ့စစ်မှုထမ်း အမှတ်စဥ် ၃ သင်တန်းသားများ

#အင်္ဂပူ #စစ်ကောင်စီခန့်ရပ်ကျေးအုပ်ချုပ်ရေမှူးက #စစ်မှုထမ်းဆောင်ရန် #အသက်ပြည့်မှီ #လူငယ်များအားလုံး #ငွေ၃၀၀၀၀တောင်း #Ayeyarwaddy_Times