
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ရက်
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန် စစ်စခန်းဖြစ်သော ခမရ ၄၃၇ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
မိုးမောက်မြို့ပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀၀ ခန့်ရှိသော ခမရ ၄၃၇ကို ယနေ့ ဩဂုတ် ၁၉ရက် ညနေ ၃နာရီ ၁၀မိနစ်တွင် KIA က တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကာကင်းစခန်းတွေကို ၁၅ရက် နေ့က ရတယ်။ အခုညနေမှာ တပ်ရင်းကို သိမ်းနိုင်တယ်။ နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်” ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
တိုက်ပွဲဖြစ်ပွားနေချိန်တွင် စစ်ကောင်စီဘက်က စစ်လက်နက်များနှင့် ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို ခေါ်ဆောင်ရန် စစ်ကူ ရောက်လာသည့် တင့်ကားတစ်စီးအပါအဝင် စစ်ကား ငါး စီးကို ၆မိုင်နှင့် ၇မိုင်ကြားတွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည့် အတွက် အဆိုပါယာဉ်တန်းမှာ မီးလောင်ပျက်စီးသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။
KIA သည် မိုးမောက်မြို့ရှိ ခမရ ၄၃၇တပ်ရင်းကို ပြီးခဲ့သည့် ဇူလိုင် ၂၄ရက်က တိုက်ခိုက်ခဲ့ပြီး ဩဂုတ် ၁၁ရက်နေ့တွင် ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၁၅ရက်နေ့က ကာကင်းစခန်းများကို သိမ်းဆည်းနိုင်ခဲ့သည်။
KIA သည် မိုးမောက်မြို့အတွင်းရှိ ရဲစခန်းနှင့် စစ်ကောင်စီလက် အောက်ခံ ဌာနဆိုင်ရာများကို ပြီးခဲ့သည့် မေလ ၇ရက်နှင့် ၈ရက်နေ့များကတည်းက သိမ်းပိုက်ခဲ့ပြီး မိုးမောက်မြို့ပြင်တွင်ကျန်ရှိနေသည့် ခမရ-၄၃၇ ကို ဆက်လက်တိုက်ခိုက်ခဲ့ရာ ယနေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ခမရ- ၄၃၇ မကျစေရေး လေကြောင်းပစ်ကူများပါအသုံးပြုခဲ့ပြီး လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကူလာသည့် ၎င်းတို့၏ ယာဉ်တန်းအပေါ် ဗုံးကျရောက်ပေါက်ကွဲကာ စစ်ကား သုံးစီး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
#ကချင် #မိုးမောက် #စစ်ကောင်စီ #ခမရ၄၃၇ #KIA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times