
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ရက်
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၁၄၈တပ်စခန်းနှင့် မန္တလေး- မိုးကုတ်လမ်းဆုံရှိ ဖော့တော စစ်တပ်ဂိတ်စခန်းတို့ကို တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၉ရက်နေ့ ညနေ ၅နာရီခန့်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ၊ မိုးကုတ်ဗျူဟာနှင့် PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၂၂၂ တပ်ဖွဲ့တို့ပူးပေါင်း၍ စစ်ကောင်စီ၏ သပိတ်ကျင်း ခလရ-၁၄၈ ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း PLA က ထုတ်ပြန် သည်။
“သပိတ်ကျင်း ခလရ-၁၄၈ ကို ဩဂုတ် ၉ ရက်နေ့ကတည်းက သိမ်းပြီးတာပါ။ ကျွန်မတို့သိရသလောက် စခ(စစ်ကောင်စီတပ်ဖွဲ့ဝင်) ၂၀ ကျော်သေပါတယ်” ဟု PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်သေဆုံးပြီး စစ်ကိုင်းဒေသအတွင်း ပြည်သူများကို ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်နေသည့် ဘီလူးစစ်ကြောင်းမှ စစ်ကြောင်းမှူးအပါအဝင် ငါး ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
“ဖော့တောလမ်းဆုံစခန်းကတော့ ၁၄ ရက်နေ့မှာသိမ်းတာပါ။ ဘီလူးစစ်ကြောင်းမှုးနဲ့ စခ (စစ်ကောင်စီတပ်ဖွဲ့ဝင်) ငါး ယောက်ကို ဖမ်းမိတာက မိုးကုတ် သပိတ်ကျင်းလမ်းပိုင်းမှာပဲ ဖမ်းမိတာ ဖြစ်ဖို့များပါတယ်။ ဖော့တောစခန်းသိမ်း သတင်းနဲ့ ရောပြီး ပြောလာလို့ သတင်းက သိပ်မရှင်းဘူးဖြစ်နေတာ။ ကျွန်မတို့လဲ လိုင်းအခက်အခဲကြောင့် သတင်းအဆက်ပြတ်နေပါတယ်။ ဒါ မနေ့က ညနေက ရတဲ့သတင်းတွေပါ” ဟု PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် သတင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူက ဆိုသည်။
ထို့အပြင် ဩဂုတ် ၁၄ရက်နေ့ ညနေပိုင်းတွင် မိုးကုတ် ၊သပိတ်ကျင်း၊ မန္တလေး လမ်းဆုံရှိ ဖော့တော လမ်းဆုံ စခန်းကိုတော်လှန် ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။
ဖော့တော စစ်ကောင်စီဂိတ်သည် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဝါးဖြူတောင်ကျေးရွာအနီး၊ မန္တလေး- မိုးကုတ်ကားလမ်းပေါ်ရှိ စစ်ကောင်စီ၏ အကြီးဆုံး ဂိတ်စခန်းတစ်ခုဖြစ်ပြီး မန္တလေး- သပိတ်ကျင်း- ထီးချိုင့်- ဗန်းမော် လမ်းဆုံရှိ စစ်တပ်ဂိတ်စခန်းဖြစ်သည်။
“ဖော့တောက ရှမ်းမြောက်အတက်အဆင်းကားတွေရော၊ မန္တလေးကူးမယ့်ကုန်ကားတွေရော၊ အိမ်စီးကားပါမကျန် စစ်ဆေးခြိမ်းခြောက်ပြီး ငွေညှစ်ကြမ်းတဲ့ ဂိတ်ပေါ့” ဟု မန္တလေး ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
တော်လှန်ပူးပေါင်းတပ်များအနေဖြင့် လက်ရှိတွင် ၇ မိုင် သပိတ်ကျင်း လေ့ကျင့်ရေးတပ်ကို ဆက်လက် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီက ၇ မိုင်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရွာအတွင်းရှိ အိမ်ခြေ ၇၀ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လက်ရှိတွင် သပိတ်ကျင်း အမှတ်(၁၃)တပ်မတော်တန်းမြင့် လေ့ကျင့်ရေးသင်တန်းကျောင်း (တတက-၁၃) ကိုပါ တော်လှန်ရေးတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ-PLA
#မန္တလေးတိုင်း #သပိတ်ကျင်း #ခလရ ၁၄၈ #ဖော့တောဂိတ်စခန်း #တော်လှန်ရေးတပ်ပေါင်းစု #သိမ်းပိုက် #Ayeyarwaddy_Times