ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ရက်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တစ်ခုလုံးကို တော်လှန်ရေးတပ်ပေါင်းစုများက ယနေ့ ဩဂုတ် ၁၈ ရက်နေ့ နံနက်ပိုင်းတွင် သိမ်းပိုက် ထိန်းချုပ်လိုက်ကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်တစ်ခုလုံးကို တော်လှန်ရေး တပ်ပေါင်းစုများက သိမ်းပိုက် ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတပ်ဖွဲ့များ လက်နက်ချအလင်းဝင်သူများ လည်းရှိကြောင်း သိရသည်။

“သိမ်းတာကတော့ မနေ့ကညပိုင်းကတည်းကပါ။ ဒီနေ့မနက်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ သိရပါတယ်။ ဒီလောက်ပဲပြောလို့ရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

96 solider အဖွဲ့၏ ခေါင်းဆောင်ကိုဇေယျာလွင်က “အဖွဲ့အားလုံးရဲ့စုပေါင်းအားနဲ့ ဒီပဲယင်းမြို့ကို သိမ်းနိုင်ခဲ့ပါပြီ။ စစ်ကိုင်းအောက်ပိုင်းမှာ ပထမဆုံးသိမ်းနိုင်ခဲ့တဲ့မြို့ပါ” ဟု ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် မျှဝေထားသည်။

ဒီပဲယင်းမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးတပ်ပေါင်းစုများက ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်နေ့ ညနေပိုင်းမှစ၍ ထိုးစစ်ဆင်ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီက Y12၊ ဂျက်ဖိုက်တာများဖြင့် လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ် ခုခံခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၆ရက်နေ့ကတည်းက တော်လှန်ရေးအင်အားစုများက ဒီပဲယင်းမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယမန်နေ့ ဩဂုတ် ၁၇ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားများ မြို့ကို စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

စစ်ကောင်စီက ပေါင် ၅၀၀ဗုံးများအပြင် Y12လေယာဉ်ဖြင့် ဗုံးအလုံး ၆၀ကျော် ကြဲချ တိုက်ခိုက်နေသည့်ကြားမှ တော်လှန်ရေးတပ်ပေါင်းစုများက သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ ဩဂုတ် ၁၇ရက်နေ့ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့နှင့် ပျူစောထီး တပ်ဖွဲ့များ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်ချ အညံ့ခံသွားကြောင်း စစ်တပ်ထောက်ခံသူများက ၎င်းတို့၏ တယ်လီဂရမ်ချယ်နယ်များတွင် ရေးသားထားသည်။

#စစ်ကိုင်း #ဒီပဲယင်း #စစ်ကောင်စီ #တော်လှန်ရေးတပ်ပေါင်းစု #သိမ်းပိုက်ထိန်းချုပ် #Ayeyarwaddy_Times