ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ရက်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ ဩဂုတ် ၁၈ရက်နေ့အထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း သိရသည်။

အင်းတော်မြို့တွင် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် တိုက်ပွဲပြင်းထန်လျက်ရှိပြီး အင်းတော်မြို့ကို ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များက စတင်ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

“ဖုန်းအဆက်အသွယ်တွေလည်းမရဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေက ပြေးချင်တဲ့ ပြည်သူတွေကို ကယ်ထုတ်တယ်ပြောတယ်။ အင်းတော်မြို့၊ ညောင်ပင်စုနဲ့ ဘူတာပိုင်း လူအသေ အပျောက်ရှိတယ်ပြောတယ်။ အိမ်မှာ အမေနဲ့ မိသားစုကျန်ခဲ့သေးတယ်။ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတော့ စိုးရိမ်နေရတယ်” ဟု အင်းတော်မှ စစ်ရှောင်လာသူ ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီသည် အင်းတော်မြို့ကို လက်နက်ကြီးများအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် နေသည့် အတွက် အင်းတော်မြို့တွင်းရှိ ရပ်ကွက်အချို့ မီးလောင်ကျွမ်းနေပြီး ထိခိုက်ပျက်စီးမှုများ ရှိကြောင်း သိရသည်။

ထို့ပြင် အင်းတော်တိုက်ပွဲကြောင့် ရွှေဘို- မြစ်ကြီးနားကားလမ်းပိုင်းပိတ်ဆို့သွားပြီး စက်သုံးဆီတင်ကား များနှင့် အိမ်စီးကားများ ခရီးသည်တင်ကားများ ပိတ်မိနေကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဩဂုတ် ၁၅ရက်နေ့က စတင်၍ ကောလင်းခရိုင်၊ ပင်လယ် ဘူးမြို့ကိုလည်း မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိသည်။

ပင်လယ်ဘူးရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားရာ ရဲစခန်းနှင့် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ အချို့ကို တော်လှန်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

#စစ်ကိုင်း #အင်းတော် #ပင်လယ်ဘူး #စစ်ကောင်စီ #စခန်းများ #တော်လှန်ရေးပူးပေါင်းတပ် #ဝင်ရောက်တိုက်ခိုက် #Ayeyarwaddy_Times