
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်
ဧရာ၀တီတိုင်း၊ မြန်အောင်မြို့မှ အမျိုးသမီးတစ်ဦးသည် စစ်ကောင်စီက်ို လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ရေးသားခဲ့သည်ဟုဆိုကာ စစ်ကောင်စီတပ်သားများနှင့် ရဲများကလာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှသိရသည်။
မြန်အောင်မြို့ အမှတ် (၅)ရပ်ကွက်တွင်နေထိုင်သော မနန္ဒာ(ခ)မိဝဲ ဆိုသူအား စစ်ကောင်စီတပ်သားများနှင့် ရဲများက facebookတွင် တင်ထားသော စာများနှင့်ပတ်သတ်ပြီး စစ်ဆေးရန်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
“နေ့ခင်းဘက်ကြီးအိမ်ကိုလာဖမ်းတာ။ သူက လက်ရှိ စစ်ကောင်စီအုပ်ချုပ်နေတာနဲ့ပတ်သက်ပြီး ပြည်သူတွေ ခက်ခဲနေတာတွေရော၊ တော်လှန်ရေးအဖွဲ့တွေ မြို့သိမ်းတိုက်ပွဲတွေအကြောင်းရော ရေးတင်ထားတာနဲ့ပတ်သက်ပြီး အမှုဖွင့်ခံလိုက်ရတာသူ့ကိုတစ်ယောက်ယောက်က တိုင်လိုက်တာလို့ယူဆရတယ်”ဟု မိသားစု နှင့်နီးစပ်သူတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။
လက်ရှိတွင် မနန္ဒာအား မြန်အောင်မြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ ( က ) ၊၅၀၅ ( က) နှင့် အိီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေများဖြင့် တရားစွဲဆိုရန် ပြုလုပ်နေကြောင်းသိရသည်။
#စစ်ကောင်စီ #လူမှုကွန်ရက် #ဝေဖန်ရေးသား #မြန်အောင်မြို့နယ် #အမျိုးသမီး #တစ်ဦးဖမ်းဆီးခံရ
#Ayeyarwaddy_Times