
အရိုးကျီးပေါင်းတက်ခြင်းဝေဒနာ (ကျန်းမာရေး အသိပညာပေး ဆောင်းပါး)
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဩဂုတ် ၁၈ ရက်)
အရိုးကျီးပေါင်းဆိုတာက ဇက်မှ ခါးအထိ ကျောရိုးနာခြင်းနှင့် ယှဉ်တွဲပြီးဖြစ်ရတဲ့ ကျောရိုးအဆစ်များ ယိုယွင်းခြင်းပါ။ အသက် အရွယ်ရလာခြင်းကြောင့် ကျောရိုးအရိုးအဆစ်ရောင်ခြင်းကို အရိုးကျီးပေါင်း တက်တယ်လို့ ဆိုကြပါတယ်။ အရိုးကျီးပေါင်းက လည်ပင်း(ဇက်) နဲ့ ခါးနေရာတွေမှာ အတွေ့ရများ ပါတယ်။ဇက်ကျီးပေါင်းတက်ခြင်း(Cervical Spondylosis )
ဇတ်ကြောတက်ခြင်းရဲ့ အဓိကတရားခံက ကျီးပေါင်းဖြစ်ပါတယ်။ လည်ပင်းအရိုးအဆစ်နှစ်ခုကြားရှိ ထောက်ခံထိန်းပေးနေတဲ့ တွယ်ဆက်အရိုးနု ကျောရိုးအဆစ်ကြားအပြားအချပ် (intervertebral disc ) လေးတွေဟာ ကျောရိုးအဆစ်များ ပွတ်တိုက်ခြင်းဒဏ်ကို အချိန်ကြာကြာခံစားရလာတဲ့အခါ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ရှုံ့တွခြင်းကိုဖြစ်ပေါ်စေ၍ ကျီးပေါင်းတက်လာပြီး အရိုးအဆစ်ရောင်ရမ်း ခြင်းကိုခံစားရပါတော့တယ်။ ဇာတ်ကျီးပေါင်းကို အရွယ်ရလူကြီးတိုင်းနီးပါး ကြုံတွေ့နေရပါတယ်။
အသက်ခြောက်ဆယ်နှစ်အထက် လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းဟာ လည်ပင်းအရိုးဆစ်မှာ ကျီးပေါင်း ဖြစ်တတ်ကြတာကြောင့် ဒါဟာ ဇရာကြောင့်ဖြစ်ရတဲ့ အခြေအနေလို့ ပြောရင် မမှားပါဘူး။ ရောဂါလက္ခဏာဆိုးဆိုးရွားရွား မပေါ်သေးသရွေ့ ကိုယ့်မှာ ဇက်ကျီးပေါင်းရှိနေမှန်းကို မသိဘဲ ဖြစ်နေတတ်ကြပါတယ်။
ကျောရိုးအဆစ်ကြား အပြားအချပ်လေးတွေက ခါးရိုးအဆစ်နှစ်ခုကြားမှာ ရှိပါတယ်။ အသက် ၄၀ ကျော်လာတာနဲ့အမျှ ဇရာကြောင့် အပြားအချပ်လေးတွေ ခြောက်သွေ့လာပြီး ရှုံ့တွပါးလွှာသွား တာကြောင့် ကျောရိုးအဆစ်နှစ်ခုထိတွေ့ ပွတ်တိုက်စေပြီး အရိုးရောင်ရပါတော့တယ်။
အပြားအချပ်လေးတွေဖောင်းကြွစူထွက်လာပြီး အာရုံကြောညပ်တတ်ပါတယ်။ ကျောရိုး အရိုးအတက် အလက်တွေ ငေါ့ထွက်လာပြီး အာရုံကြောညပ်တာလည်း ဖြစ်ရပါတယ်။ လည်ပင်းအဆစ်တွေလှုပ်နိုင်ဖို့ ထိန်းပေးထားရတဲ့ အရွတ်တွေတောင့်တင်းသွားတာကြောင့်လည်း အာရုံကြောညပ် ပါတယ်။
ဇတ်ကျီးပေါင်းက ဆေးလိပ်သောက်သူတွေ၊ စားပွဲပေါ်ထိုင်ပြီးအလုပ်လုပ်ရသူတွေ၊ အချိန်ကြာကြာ ကွန်ပျူတာသုံးရသူတွေ၊ လည်ပင်းထိခိုက်ဒဏ်ရာရဖူးသူတွေ၊ ကျီးပေါင်းမျိုးရိုးရှိသူတွေမှာ အဖြစ်များ ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ လူတိုင်း လူတိုင်း ဖြစ်နိုင်ချေတိုးလာကြမှာပါ။
ဇတ်ကျီးပေါင်းကြောင့် အရိုးအဆစ်ရောင်ရမ်းခြင်းဖြစ်လာပါက အကြောတက်ဇက်နာခြင်း၊ လည်ပင်း တောင့်တင်းခြင်းတွေကို ခံစားလာရပါတော့တယ်။ ကျောရိုးမှာ ဖြစ်တဲ့ပြဿနာက နာကျင်ခြင်းနဲ့ ပြီးမသွားပါဘူး။ ကျောရိုးအတွင်းမှာ ရှိနေတဲ့ ပင်မအာရုံကြောကြီးနှင့် အာရုံကြောငယ်တွေကို ဖိမိပြီး အာရုံကြောပြဿနာတွေပါ ခံစားရပါတယ်။
ကျီးပေါင်းကြောင့် ခြေလက်တွေ ထုံကျဉ်ခြင်း၊ ထုံထိုင်းခြင်း၊ အားနည်းခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊ ဆီးဝမ်းထိန်းချုပ် ပြဿနာတွေပါ ကြုံရတတ်ပါတယ်။
ဇက်ကျီးပေါင်းတက်ပါက ခေါင်းမော့ခေါင်းငုံ့ခြင်း၊ ခေါင်းခါခြင်း တို့ကဲ့သို့ လည်ပင်းလှုပ်ရှားနိုင်စွမ်းတွေ လျော့ကျသွားပါမယ်။
အချို့သောလူနာတွေမှာတော့ ချာချာလည်မူးဝေခြင်း(Cervical Vertigo) ဖြစ်တတ်ပါတယ်။ ဆရာဝန်နှင့် ပြသပြီး အာရုံကြောစမ်းသပ်စစ်ဆေးခြင်းကို ခံယူပါ။
လည်ပင်းဓာတ်မှန် (X-ray)၊ သံလိုက်ပုံဖော်ဓာတ်မှန် (MRI scan)၊ ကွန်ပျူတာဓာတ်မှန် (CT scan)၊ အာရုံ ကြောသန်စွမ်းမှုတိုင်းတာခြင်းများ (Electromyography EMG , Nurve conduction study)ဖြင့် လိုအပ်သလို စစ်ဆေးရပါမယ်။
ဇက်ကျီးပေါင်းကုသဆေးများကို လူနာရဲ့ရောဂါပြင်းထန်မှုအလိုက် ချင့်ချိန်ကုသရပါတယ်။ အာရုံကြော ရာသက်ပန်ထိခိုက်ပျက်စီးခြင်းကိုတားဆီးဖို့ လိုအပ်ပါတယ်။ နာကျင်ခြင်းကို ထိန်းချုပ်ဖို့ အကိုက် အခဲပျောက်ဆေး (Ibuprofen)၊ စတီးရွိုက်ဆေးဝါး( Prednisolone)၊ ကြွက်သားပြေ လျော့ဆေး (Methocarbamol )၊ အတက်ကျဆေး စိတ်ကျရောဂါကုသဆေး တွေ ဖြင့်ကုသကြသလို့ လေ့ကျင့်ခန်း ကိုယ်ကာယကုထုံးများဖြင့်လည်း ကုသကြပါတယ်။
အပ်စိုက်ကုထုံး (Acupuncture)၊ အပူအအေးကုထုံး၊ လည်ပင်းကော်လာတပ်ထားခြင်းများဖြင့်လည်း ရောဂါသက်သာစေဖို့ ကုသကြပါတယ်။ခွဲစိတ်ကုသခြင်းကိုလည်း ကုသမှုအဖြစ် စဉ်းစားကြပါတယ်။ ဇက်ကြောတက် ပုခုံးနာကျင်ကြသူတွေအနေနဲ့ ရောဂါအခြေအနေအလျောက် ကုသကြစေဖို့ အကြံပေးပါရစေ။ခါးကျီးပေါင်းတက်ခြင်း(Lumbar Spondylosis )
ခါးနာခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်တဲ့ ခါးကျီးပေါင်းတက်တာကလည်း ဆိုတာ ဇက်ကျီး ပေါင်းတက်ခြင်းနဲ့ သဘောသဘာဝအတူတူပဲဖြစ်ပါတယ်။ ခါးကျီးပေါင်းသည်လည်း အဖြစ်များ ပါတယ်။ ခါးအဆစ်နာကျင်ခြင်း၊ အိပ်ရခက်ခြင်း၊ လမ်းလျောက်ရခက်ခြင်း၊ ကားမောင်းရခက်ခဲခြင်း၊ ဆိုင်ကယ်စီးရခက်ခဲခြင်းတို့ကြုံရတတ်ပါတယ်။ခန္ဓာကိုယ်အလေးချိန် မဝစေဖို့ ထိန်းသိမ်းတာက ခါးနာခြင်းအတွက် အကျိုးရှိပါတယ်။
ခါးဓာတ်မှန် (X-ray) သံလိုက်ပုံဖော်ဓာတ်မှန် (MRI scan) ကွန်ပျူတာဓာတ်မှန် (CT scan) တို့ဖြင့် ခါးဆစ် ရိုးကျီးပေါင်းကို ရှာဖွေနိုင်ပါတယ်။
ရောဂါသဘောသဘာဝတူတာကြောင့် ဇက်ကျီးပေါင်းကု ဆေးဝါးများသည်လည်း ခါးကျီးပေါင်း ရောဂါကုသရာမှာ သုံးစွဲပါတယ်။
ခါးနာတတ်သူတွေကို ရေကူးခြင်း ၊ လေ့ကျင့်ခန်း ကိုယ်ကာယကုထုံး၊ အနှိပ်ကုထုံး နဲ့ ခါးရိုးဆစ်အတွင်းဆေးထိုးကုသခြင်းတွေပါ နိုင်ငံတကာကလက်ခံကုသနေပြီဖြစ်ပါတယ်။ ဒါကြောင့် ခါးနာနေတဲ့ လူနာများအနေနဲ့ ခါးကျီးပေါင်းရောဂါကို စောစောသိရှိပြီး မှန်ကန်တဲ့ ကုသမှုရပါစေ ကြောင်း အသိ ပညာပေးလိုက်ပါတယ်။
နောက်တစ်ပတ်မှာတော့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ တိရစ္ဆာန်တွေကနေ ကူးစက်တတ်တဲ့ အသားဝါရောဂါ (Leptospirosis) အကြောင်းကိုတင်ဆက်သွားမှာ ဖြစ်တာကြောင့် ဧရာ၀တီတိုင်းမ် ပရိသတ်များ စောင့်မျှော်အားပေးကြပါဦးခင်ဗျာ။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #ပဋိပက္ခကာလအတွင်းရှင်သန်နေထိုင်ခြင်း #အရိုးကျီးပေါင်းတက်ခြင်းဝေဒနာ #ကျန်းမာရေးဆောင်းပါး #Ayeyarwaddy_Times
(စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၌ဖြစ်ပေါ်နေသည့် ပဋိပက္ခကာလအတွင်း ပြည်သူများ ကျန်းမာစွာရှင်သန်နေထိုင်နိုင်ရေးအတွက် “ပဋိပက္ခကာလအတွင်း ရှင်သန်နေထိုင်ခြင်း” (ကျန်းမာရေးအသိပညာပေးအစီအစဉ်) ကို ဧရာ၀တီတိုင်းမ် သတင်းဌာန အနေဖြင့် အပတ်စဉ် တနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းတင်ဆက်သွားမည် ဖြစ်ပါ၍ စောင့်မျှော်ကြည့်ရှုကာ ကျန်းမာရေးအသိပညာများရယူနိုင်ပါကြောင်း သတင်း ကောင်းပါးအပ်ပါသည်။)