
ဧရာဝတီတိုင်းမ်
(ဂန့်ဂေါ)၊ ဩဂုတ် ၁၆ ရက်
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်ရှိ စစ်ကောင်စီလက်အောက်ခံ MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နှင့် ရေနံကျင်းကင်းစခန်းကို ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့က တော်လှန်ရေးပူးပေါင်းအဖွဲ့က စခန်းသိမ်းပိုက် နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD) က သတင်းထုတ်ပြန်ထားသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ကပစ-၂၃ မှ ဗိုလ်ကြီး သော်ဇင်အောင်နှင့် ဒု-ရဲအုပ် ကိုကိုအောင် အပါအဝင်တပ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ စခန်း သိမ်းတိုက်ခိုက်မှုတွင် ABSDF၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၊ ၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉)၊ KKG တပ်ရင်း (၄၊ ၅၊ ၆)၊ ဂန့်ဂေါခရိုင် ဒရုန်းတပ်ဖွဲ့ (Hyper UAV Force) နှင့် ကျောတိုက်နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“၁၅ ရက်နေ့ တစ်ရက်တည်းမှာ စခန်း နှစ်ခုကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်။ ရန်သူဆီက လက်နက် ၃၀ ကျော်ကို သိမ်းဆည်းရမိခဲ့တယ်။ ရန်သူ သုံ့ပန်း ၁၂ ဦးမှာ ၁၁ ဦးက အမျိုးသားစစ်သုံ့ပန်း ဒု-အရာခံဗိုလ်တစ်ယောက်ပါတယ်။ အမျိုးသမီးတစ်ယောက်ပါတယ်၊ ရန်သူ့အလောင်း ၁၂ လောင်းကိုလည်း ရရှိခဲ့တယ်” ဟု ABSDF တပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရဖမ်းဆီးရမိမှုတွင် ကပစ-၂၃ မှ ဒု-အရာခံဗိုလ် ဝင်းမြင့်ထွန်း အပါအဝင် တပ်ဖွဲ့ဝင် ၁၂ ဦးကိုဖမ်းဆီးရမိခဲ့ပြီး လက်နက်မျိုးစုံ ၃၀ လက်၊ ကျည်မျိုးစုံ ၂၆၀၀ ကျော်၊ မိုင်း ခုနှစ်
လုံး၊ ဗုံးသီးခြောက်လုံး၊ စစ်သုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိကြောင်းသိရသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း ဂန့်ဂေါခရိုင်တပ်ရင်း-၁၄ မှ ဒုတပ်ခွဲမှူးရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီးတော်လှန်ရေး ရဲဘော် တစ် ဦး မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက်နေ့က လုံခြုံရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံနေအိမ် ခုနစ် လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်းလည်း ဒေသတွင်းသတင်းရင်းမြစ်များထံက သိရသည်။
ဓာတ်ပုံ – MOD
#ဂန့်ဂေါ #MOGE #ရေနံစခန်း #စခန်းသိမ်းရရှိ #စစ်ကောင်စီသေဆုံး #PDF #ABSDF #Ayeyarwaddy_Times