စစ်ဝေးသော်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

ချင်းပြည်နယ်ဟာ ၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ လူဦးရေ ၄ သိန်း ၇ သောင်းကျော် မှီတင်းနေထိုင်တဲ့ မြန်မာနိုင်ငံရဲ့ တောင်ပေါ်ဒေသတစ်ခုဖြစ်ပါတယ်။

အဆိုပါ လူဦးရေအားလုံးရဲ့ ၉၁ ရာခိုင်နှုန်းဖြစ်တဲ့ လူပေါင်း ၄ သိန်း ၃ သောင်းကျော်ဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ကြပြီး ဘာသာတရားရဲ့အဆုံးအမအောက်မှာ အေးချမ်းစွာနေထိုင်ကြသူတွေလည်း ဖြစ်ပါတယ်။

ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတွေဟာ တစ်ပတ်ကို ၃ ကြိမ် ဘုရားဝတ်ပြုကြသလို ခရစ္စမတ်၊ နှစ်သစ်ကူး၊ အီစတာဆန်းဒေးစသဖြင့် ဘာသာရေးအထိမ်းအမှတ်ပွဲတွေလည်း နှစ်စဉ်ပြုလုပ်လေ့ရှိပါတယ်။

သို့ပေမယ့် စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလနောက်ပိုင်းမှာ စစ်ကောင်စီဟာ ချင်းပြည်နယ်မှာ ညမထွက်ရအမိန့်၊ လူ ငါး ဦးထက်ပိုမစုရအမိန့်တွေ ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါအမိန့်နဲ့အတူ ခရစ်ယာန်ဘာသာဝင် ချင်းလူမျိုးတွေအနေနဲ့ ဘုရားဝတ်ပြုမယ်ဆိုရင် လူဦးရေ စာရင်းအတိအကျနဲ့ ဘုရားဝတ်ပြုမယ့်အစီအစဉ်တွေကို သက်ဆိုင်ရာမြို့နယ် ထွေအုပ်ဌာနကို တစ်ပတ်ကြိုတင်ပြီး ခွင့်ပြုချက်တောင်းရမယ်ဆိုတဲ့အမိန့်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုအမိန့်မျိုးဟာ စစ်အာဏာရှင်ဟောင်းတွေဖြစ်ကြတဲ့ ဦးနေဝင်း၊ ဦးစောမောင်၊ ဦးသန်းရွှေတို့လက်ထက်မှာ လုံး၀ မရှိခဲ့ဘဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်ကျမှ ပထမဆုံးပေါ်ပေါက်လာခြင်းဖြစ်ပြီး လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို အပြင်းအထန် ဖိနှိပ်တဲ့လုပ်ရပ်အဖြစ် ချင်းလူမျိုးတွေက ရှုမြင်ကြပါတယ်။

“အရင်က ဘုရားကျောင်းတက်တာနဲ့ပတ်သက်ပြီး ကန့်သတ်တာမျိုး မရှိဖူးဘူး။ ဘုရား ကျောင်းတက်တာနဲ့ ပတ်သက်ပြီး ကန့်သတ်ချုပ်ချယ်ခံရတာ ဒီတစ်ခါပဲ ကြုံတွေ့ဖူးတယ်”လို့ ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်က လုပ်သက်ရင့် ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်မှာ ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်နဲ့ ပလက်၀ ဆိုပြီး
မြို့နယ်ပေါင်း ကိုး ခုရှိပါတယ်။ အဆိုပါ မြို့နယ် ၉ ခုထဲမှာ မင်းတပ်၊ ကန်ပက်လက်နဲ့ ပလက်၀မြို့နယ်တွေမှာ ဗုဒ္ဓဘာသာ ကိုးကွယ်သူတွေ မှီတင်းနေထိုင်ကြပြီး ကျန်မြို့နယ် ၆ ခုမှာတော့ ခရစ်ယာန်ဘာသာဝင်တွေ အများဆုံး နေထိုင်ကြပါတယ်။

စစ်ကောင်စီက အခုလို ဘုရားဝတ်ပြုခွင့်ကို ကန့်သတ်ခဲ့တဲ့အတွက် ဒေသခံချင်းလူမျိုးတွေဟာ ဘုရားဝတ်ပြုခြင်း၊ မင်္ဂလာဆောင် ကျင်းပခြင်းနဲ့ ဘာသာရေးပွဲလမ်းသဘင်တွေကျင်းပဖို့ အခက်အခဲများစွာ ကြုံတွေ့ရင်ဆိုင်နေရပါတယ်။

“အားဏာသိမ်းပြီးနောက်ပိုင်း ညဘက်တွေမှာ ဘုရားကျောင်းတက်တဲ့ အစီအစဥ်တွေ မပြုလုပ်ဖြစ်တော့ဘူး။ အခုဟာက နေ့ခင်းဘက် ဘုရားကျောင်းတက်ဖို့၊ မင်္ဂဆောင်ပွဲတွေ ပြုလုပ်ဖို့နဲ့ အခြားရိုးရာပွဲတွေ ကျင်းပမယ်ဆိုရင် စစ်ကောင်စီထံ ကြိုတင်အသိပေးအကြောင်းကြားရမယ်ပြောတယ်။ ဒါမျိုးအထိတော့ မကန့်သတ်ထားသင့်ဘူးလို့ မြင်တယ်။ စစ်ကောင်စီက ဘာသာရေးကို အသုံးချပြီး ချင်းပြည်နယ်ရဲ့ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ ထင်ထားပုံရတယ်။ ဒါကြောင့် သာသာရေးကို အကျပ်ကိုင်လာတယ်လို့ မြင်တယ်”လို့ ဟားခါးမြို့နယ်မှ သင်းအုပ်ဆရာတော်တစ်ပါးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ယခုလို ချင်းပြည်နယ်မှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ဆုံးရှုံးနေတဲ့အခြေအနေတွေကို ချင်းရေးရာအဖွဲ့ – ICA က ပြီးခဲ့တဲ့နှစ်အတွင်းမှာ အစီရင်ခံစာတစ်စောင် ထုတ်ပြန်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း သိရှိအောင် ကြိုးပမ်းခဲ့ပါတယ်။

“အာဏာသိမ်းပြီးနောက်မှာ ပိုဆိုးလာတာပေါ့။ ရှိပြီးသားဘုရားကျောင်းမှာ ဝတ်ပြုဖို့တောင်မှ သူတို့အနေနဲ့ ကန့်သတ်လာတာတွေရှိပါတယ်။ ဘာသာရေးနဲ့ သက်ဆိုင်တဲ့ ပွဲလမ်းသဘင်တွေကအစ စစ်ကောင်စီလက်အောက်ခံ ထွေအုပ်ဆီမှာ ခွင့်ပြုစာ တင်ရတယ်။ ဒါတွေက လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့် ဆုံးရှုံးနေတဲ့ အခြေအနေ ဖြစ်ပါတယ်”လို့ ICA အဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူးဆလိုင်းဗန်ဆွီးဆန်က ပြောပါတယ်။

ချင်းပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေဟာ များသောအားဖြင့် ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲကြလေ့ရှိပါတယ်။ သူတို့ စခန်းကို ဒေသခံ CDF တွေလာရောက်တိုက်ခိုက်ပါက ခရစ်ယာန်ဘုရားကျောင်းတွေ အကုန် မီးရှို့ပစ်မယ်လို့ ခရစ်ယာန် သင်းအုပ်ဆရာတွေကတဆင့် ပြည်သူလူထုကို သတင်းစကားပါးတာတတွေလည်း လုပ်ဆောင်ကြပါတယ်။

“စစ်တပ်က Pastor (သင်းအုပ်ဆရာ) တွေကို ခေါ်ပြောတယ်။ ငါတို့တပ်စွဲထားတဲ့ ဘုန်းကြီးကျောင်းကို CDF တွေ လာမပစ်စေနဲ့။ လာပစ်ရင် နင်တို့ဘုရားကျောင်းတွေအကုန်လုံး မီးရှို့ပစ်မယ်ဆိုတာ ပြည်သူတွေကိုရော CDF တွေကိုပါ ပြန်ပြောကြဆိုပြီး လုပ်ခိုင်းတာတွေရှိတယ်”လို့ မတူပီမြို့နယ်က သင်းအုပ်ဆရာတော်တစ်ပါးက ပြောပြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်မှာ ဘာသာရေးလွတ်လပ်ခွင့်ကို အကြီးအကျယ်ဖိနှိပ်နေသလို ခရစ်ယာန် ဘသာရေးခေါင်းဆောင်တွေကိုလည်း အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်သတ်ဖြတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင်လမှာ မင်းတပ်မြို့ပေါ်က သင်းအုပ်ဆရာတစ်ဦးနဲ့ သင်းထောက်လူကြီး နှစ် ဦးကို စစ်ကောင်စီ တပ်သားတွေက အရက်မူးပြီး အကြောင်းမဲ့ရိုက်နှက်တဲ့အတွက် အဆိုပါ ဘာသာရေးခေါင်းဆောင် သုံး ဦးစလုံး သေဆုံးခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ ခရစ်ယာန် ဘာသာရေးခေါင်းဆောင် ၁၁ ဦးအထိ သတ်ဖြတ် ခံခဲ့ရတယ်လို့ ချင်းပြည်နယ်အရေးစောင့်ကြည့် သတင်းရေးသားနေတဲ့ သတင်းထောက် ဇလပ်ထန်က ပြောပါတယ်။

“စစ်ကောင်စီတပ်က ခရစ်ယာန်ဓမ္မဆရာတွေအပါအဝင် ပြည်သူတွေကို ဖမ်းချင်သလိုဖမ်း၊ ရိုက်ချင်သလို ရိုက်ပြီး သတ်ဖြတ်နေတာပါ။ သူတို့ထင်ရာလုပ် သတ်ဖြတ်နေပေမယ့် စစ်တပ်က ဘာအရေးယူမှုမှ မလုပ်ဘူး။ အာဏာသိမ်း ၃ နှစ်အတွင်း အသတ်ခံရတဲ့ ဘာသာရေးခေါင်းဆောင် ၁၁ ဦးအထိ ရှိသွားပြီ။ စစ်တပ်ခွင့်ပြုမှ ဘုရားကျောင်းတက်ရတဲ့ ကိစ္စကိုလည်း အခုထိ ပယ်ဖျက်မပေးဘူး။ ချင်းလူမျိုးတွေမှာ နည်းမျိုးစုံနဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံနေရတယ်”လို့ သူက ရှင်းပြပါတယ်။
စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ဒေသတွေမှာ လွတ်လပ်စွာကိုးကွယ်ခွင့်မရှိပေမယ့် တော်လှန်ရေး အင်အားစုတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ လွတ်မြောက်နယ်မြေ မြို့ရွာတွေမှာတော့ ဘာသာရေးကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရရှိကြပါတယ်။

ချင်းပြည်နယ်မှာ မြို့နယ် ၉ ခု ရှိသည့်အနက် ပလက်၀နဲ့ မတူပီမြို့နယ်တွေဟာ စစ်ကောင်စီလက်အောက်က လွတ်မြောက်ပြီး တော်လှန်ရေးအင်အားစုတွေက ထိမ်းချုပ်ထားပါတယ်။ မြို့အားဖြင့် ပလက်၀၊ ဆမီး၊ လိုင်လင်းပီ၊ ရေဇွာ၊ မတူပီ၊ ရိဒ်ခေါဒါရ်၊ ကျင်ဒွေး၊ ဝေဘူလ၊ တွန်းဇံ၊ ကျီခါးနဲ့ နှာရိန်မြို့တွေ ဖြစ်ကြပါတယ်။

“ဒီမှာတော့ တော်လှန်ရေးအင်အားစုက ထိန်းချုပ်ထားတဲ့ နယ်မြေဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ အမိန့်တွေက သက်ရောက်မှု မရှိပါဘူး။ ဘုရားဝတ်ပြုခြင်း အစီအစဉ်ရော ဘာသာရေးပွဲရော သာရေးနာရေး ကိစ္စတွေရော ယခင် ပုံမှန်အတိုင်းပဲ ပြုလုပ်ကြပါတယ်”လို့ CDF (မတူပီ)၊ တပ်ရင်း-၂ ထိန်းချုပ်နယ်မြေမှာ ခိုလှုံနေတဲ့ ဒေသခံ ဒေါ်ရှိုင်းမုဒ် က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြို့သိမ်းစခန်းသိမ်း တိုက်ပွဲတွေပြင်းထန်ချိန်နဲ့ မြို့တွေ လက်လွှတ်ဆုံးရှုံးရချိန်မှာ ဒေသခံ ချင်းလူထု ကိုးကွယ်အားထားရာ ဘုရားရှိခိုးကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက မတူပီမြိုကို ချင်းညီနောင်အဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာမှာ စစ်ကောင်စီက တိုက်ပွဲနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ မတူပီမြို့က သက်တမ်းရင့် ဘုရားကျောင်းတွေနဲ့ ချင်းပြည်နယ်တောင်ပိုင်းက တစ်ခုတည်းသော ဓမ္မကောလိပ်ဖြစ်တဲ့ ယူနီယံဓမ္မကောလိပ်ကျောင်းကို ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။

ချင်းလူ့အခွင့်အရေးအဖွဲ့တွေမှတ်တမ်းအရ ချင်းပြည်နယ်မှာ စစ်ကောင်စီက မီးရှို့တာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတာအပါအဝင် နည်းလမ်းပေါင်းစုံနဲ့ ဖျက်ဆီးခဲ့တဲ့ ခရစ်ယာန်ဘာသာရေးအဆောက်အဦးပေါင်း ၂၀၀ နီးပါး ရှိတယ်လို့ သိရပါတယ်။

“ချင်းလူမျိုးတွေက ခရစ်ယာန်တွေဖြစ်တဲ့အခါမှာ ဘာသာရေးကို အဓိကအားကိုးကြတယ်။ စစ်ကောင်စီတပ်က ဘာသာ‌ရေးအဆောက်အအုံတွေကို လေကြောင်းအပါအဝင် နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်လာတာဟာ အရပ်သားတွေကို တိုက်ရိုက်တိုက်ခိုက်တာနဲ့ အတူတူပဲဖြစ်တယ်။ အဲ့ဒီတိုက်ခိုက်မှုတွေက လုံးဝလက်ခံလို့ မရဘူး။ ဒီလိုတိုက်ခိုက်လာတဲ့ အတွက် ဘုရား‌ကျောင်းမတက်ရဲတာမျိုး၊ ဘာသာရေးအဆောက်အအုံမှာ မခိုလှုံရဲတာမျိုးအထိ ဖြစ်သွားပါတယ်”လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က စီမံအရာရှိ ဆလိုင်းမန်ဟဲလျန်က ပြောပါတယ်။

စစ်ကောင်စီက ချင်းလူမျိုးတွေ ကိုးကွယ်အားထားရာ ဘုရားကျောင်းတွေကို ယုတ်မာစွာနဲ့ ဖျက်ဆီးနေပေမယ့် သူတို့ ကိုးကွယ်သော ထာ၀ရဘုရားသခင် အလိုတော်အရ နောင်တချိန် ဖက်ဒရယ်ဒီမိုကရေစီထွန်းကားချိန်မှာ ယခင်ကထက် ပိုကောင်းတဲ့ဘုရားကျောင်းတွေ ပြန်လည်ပိုင်ဆိုင်ရမယ်လို့ ဒေသခံတချို့က ယုံကြည်နေကြပါတယ်။

“ကျွန်တော်တို့ ကိုးကွယ်အားထားတဲ့ ဘုရားသခင်ရဲ့အိမ်တော်ဖြစ်တဲ့ ဘုရားကျောင်းတွေ အခုအချိန်မှာ စစ်ကောင်စီရဲ့ မတရား ဖျက်ဆီးခံရပေမယ့် ဒီပေးဆပ်မှုကို ဘုရားသခင်က ကောင်းကြီးပြန်ပေးမှာပါ။ နောင်တချိန်မှာ ဒီထက်ကောင်းတဲ့ဘုရားကျောင်းတွေ ပိုင်ဆိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်”လို့ မတူပီမြို့ခံ သင်းအုပ်ဆရာတစ်ဦးက ပြောပါတယ်။

#ချင်းပြည်နယ် #ဘာသာရေးလွတ်လပ်ခွင့် #ဘုရားကျောင်း #သတင်းဆောင်းပါး #Ayeyarwaddy_Times