ဧရာဝတီတိုင်းမ်
(လက်ပံတန်း)၊ အောက်တိုဘာ ၁၆ ရက်

 

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာသို့ မီးရှို့ဖျက်ဆီးရန် စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်ကြောင်းကို ယမန်နေ့အောက်တိုဘည ၁၅ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန ထံက သိရသည်။

 

တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၁၅ ဦးထက်မနည်းသေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရရှိခဲ့ပြီး စစ်သုံ့ပန်း ၁၂ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကာ လက်နက် ၁၉ လက်နှင့် ခဲယမ်းမျိုးစုံကို သိမ်းဆည်းရမိခဲ့သည်။

“လက်ရှိတော့ ရန်သူ့နယ်မြေရှင်းလင်းမှုတွေထပ်ကြုံရနိုင်ချေရှိတယ်။ အလောင်းကတော့လာကောက်နိုင်ခြင်းမရှိဘူး” ဟု ပဲခူးတိုင်းစစ်ဌာန တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၂) ကွပ်ကဲမှုဖြင့် ၃၈၀၂ တပ်ရင်း၊ ၃၈၀၃ တပ်ရင်း၊ လက်ပံတန်းရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ သာယာဝတီဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – NUG၊ MOD