ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

 

ကမ္ဘာ့တစ်ဝှမ်းတွင်လူပေါင်း ၆၇၃ သန်းက ညစာမစားရဘဲဆာလောင်မှုဖြင့် အိမ်ရာဝင်နေရကြောင်း ယနေ့ အောက်တိုဘာ ၁၆ ကျရောက်သည့် ကမ္ဘာ့စားနပ်ရိက္ခာနေ့တွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်( Antonio Guterres ) ထုတ်ဖော်ပြောကြားသည်။

 

ယခုနှစ် ကမ္ဘာ့စားနပ်ရိက္ခာနေ့၏ ဆောင်ပုဒ်က လက်ချင်းတွဲညီ၊ ပိုမိုကောင်းမွန်သည့် အစာအာဟာရနှင့်အနာဂတ်ဆီသို့ဟူ၍ ဖြစ်သည်။

 

လက်ရှိဖြစ်ပေါ်နေသော ငတ်မွတ်ခေါင်းပါးမှုကို အဆုံးသတ်ရန်အတွက် ကောင်းမွန်၍ကျန်းမာရေးနှင့် ညီညွတ်သည့်အစားစာများ ထောက်ပံ့ပေးနိုင်မှုအပါအဝင် အသိပညာနှင့်အရင်းမြစ်များရှိသော်လည်း စည်းလုံးညီညွတ်မှုလိုအပ်နေကြောင်း ထပ်မံဆိုသည်။

ထို့ပြင်ပဋိပက္ခဖြစ်ပွားနေသည့်အခြေအနေများ၌ လူများသည် အစာရေစာခေါင်းပါးပြီးငတ်မွတ်မှုကို ရင်ဆိုင်နေရကြောင်း၊ ငတ်မွတ်ခေါင်းပါးမှုကို လက်နက်အဖြစ်အသုံးချမှုက ရှက်စရာကောင်းကြောင်း ၎င်းက ဆိုသည်။

 

“ယနေ့ ကမ္ဘာတစ်ဝှမ်းမှာ လူပေါင်း ၆၇၃ သန်းဟာ ညတိုင်းဆာလောင်မွတ်သိပ်လျက် အိမ်ရာဝင်နေရဆဲဖြစ်ပါတယ်။ လူပေါင်းများစွာကလည်း နောက်တစ်နပ်အတွက် မသေချာမရေရာမှုကိုနေ့စဉ်ရင်ဆိုင်နေရပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တိုးတက်မှုက အလွန်နှေးကွေးနေပြီး တချို့ဒေသတွေမှာ နောက်ပြန်သွားနေပါတယ်” ဟု ဆိုသည်။

 

ပြီးခဲ့သည့်နှစ်ပေါင်း ၈၀ က စစ်ကြောင့်ပျက်စီးယိုယွင်းမှုသည့်ကမ္ဘာ့နိုင်ငံများက ငတ်မွတ်ခေါင်းပါးမှုကိုအနိုင်ယူနိုင်ပြီးနောက် ဆယ်စုနှစ်အတွင်း ကမ္ဘာကြီးမှာ သိသိသာသာတိုးတက်လာကြောင်း အထွေထွေအတွင်းရေးမှူး အန်ထိုနီယိုဂူတာရက်က ဆက်လက်ပြောကြားသည်။

လက်ရှိတွင် အစ္စရေး – ဂါဇာပဋိပက္ခများကြားတွင် အစ္စရေးဂါဇာကမ်းမြောင်ဒေသထံ စားနပ်ရိက္ခာပိတ်ဆို့မှုကြောင့် ဂါဇာ၌စားနပ်ရိက္ခာခက်ခဲမှုပြင်းထန်စွာကြုံတွေ့ရကြောင်း နိုင်ငံတကာသတင်းများတွင်ဖော်ပြထားသည်။

 

မြန်မာနိုင်ငံတွင်လည်း ငတ်မွတ်ခေါင်းပါးမှု ဆာလောင်မွတ်သိပ်မှုပိုများလာကာ လူဦးရေ ၁၆ ဒဿမ ၇ သန်းထိတိုးပွားပြီး လူ သုံးဦးမှာ တစ်ဦးနှုန်းက ဆာလောင်မွတ်သိပ်မှုကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – UN ၊ The Guardian