ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၁၆ ရက်

စစ်ကော်မရှင်သည် ၎င်းတို့နှင့် ချစ်ကြည်ရင်းနှီးမှုရှိပြီး နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ ခံထားရ သည့် ဘယ်လာရုစ်နိုင်ငံထုတ် လယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်းကို မြန်မာနိုင်ငံတွင် ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

စစ်ကော်မရှင်အဖွဲ့ဝင်များသည် ၎င်းတို့၏ ဥက္ကဋ္ဌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်လမ်းညွှန်ချက်များအရ ယင်းနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်ရန်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့အကြား ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၄ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။

စစ်ကော်မရှင်က မြန်မာနိုင်ငံတွင် ဘယ်လာရုစ်နိုင်ငံထုတ် လယ်ယာသုံးစက်ကိရိယာပစ္စည်းများ အရောင်းပြခန်း မိတ်ဆက်ဖွင့်လှစ်နိုင်ရေး၊ ဆေးဝါးကဏ္ဍတွင် ကင်ဆာရောဂါကုသရေးဆေးဝါးများ တင်သွင်းဆောင်ရွက်ရေးနှင့် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့၌ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံဘက်မှလည်း ဆန်၊ ရော်ဘာ၊ CMP အထည်ချုပ် အဝတ်အထည်များ နှင့် ရေထွက်ပစ္စည်းများ တင်ပို့နိုင်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း စစ်ကော်မရှင်က ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ပြည်ပပို့ကုန်တင်ပို့ရာ၌ အထည်ချုပ်လုပ်ငန်းမှ အများဆုံး တင်ပို့နိုင်သဖြင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ ရောင်းချမှုထက် ပို့ကုန်ရငွေများကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားပြီး CMP အထည်ချုပ်လုပ်ငန်းသည် အရေးပါသော ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်သည်။

မြန်မာနှင့် ဘယ်လာရုစ် နှစ်နိုင်ငံကြား စာချုပ်ချုပ်ဆိုထားမှုများအပါအဝင် ကုန်သွယ်မှုတိုးမြှင့်ရန်၊ ကုန်စည်ပြပွဲနှင့် စီးပွားရေးဖိုရမ်များ ကျင်းပရန် နှင့် စက်မှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ကော်မရှင်၏ သတင်းစာများတွင် ဖော်ပြထားသည်။

အာဏာရှင် သမ္မတ လူကာရှန်ကို ဦးဆောင်သော ဘယ်လာရုစ်နိုင်ငံနှင့် မြန်မာစစ်ခေါင်းဆောင်ဗို လ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့အကြား ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ခြင်းသည် အာဏာရှင် နိုင်ငံများ၏ အကျိုးတူစီးပွားဆက်သွယ်မှုများကို မြှင့်တင်နေခြင်းပင်ဖြစ်သည် ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

ဓာတ်ပုံ – စစ်ကော်မရှင်