ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး အာရက္ခတပ်တော် (AA) က တိုက်ပွဲအတွင်း ပိတ်မိနေသူများကို ကယ်ထုတ်လာသည်မှာ စစ်ရှောင် နှစ်သောင်း(၂၀,၀၀၀) ခန့် ရှိလာပြီဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များမှာ မိုးရာသီကာလ အဖြစ်များသည့်ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများကို ခံစားနေရပြီး မကြာသေးမီက ဖြစ်ပွားခဲ့သည့် ရေကြီးနစ်မြုပ်မှု နောက်ဆက်တွဲပြဿနာ သောက်သုံးရေ မသန့်ရှင်း ခြင်းကြောင့် ဝမ်းပျက်၊ ဝမ်းလျှောဖြစ်ပွားသူ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

ယခုရက်ပိုင်းတွင် စစ်ဘေးရှောင်များမှာ ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားမှု ပိုမို မြင့်တက်လာပြီး သေဆုံးသူ ငါး ဦးအထိရှိလာကြောင်း ယနေ့ ဩဂုတ် ၁၆ရက်နေ့တွင် AA ကထုတ်ပြန်သည်။

အာရက္ခတပ်တော် (AA) အနေဖြင့် ရခိုင်ပြည်သူများကို ရှိသောဆေးဝါးများဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး ကုသပေးလျက်ရှိသော်လည်း စစ်ဘေးရှောင်များသည် စစ်ဘေးနှင့်ရေဘေးကို တပြိုင်နက်တည်း ခံစားခဲ့ရပြီး ဝမ်းပျက်၊ ဝမ်းလျှောရောဂါမှာလည်း ပြင်းထန်လာသည့်အတွက် ဝမ်းပျက်၊ ဝမ်းလျှောရောဂါအတွက် ဆေးဝါးများနှင့် အထွေထွေရောဂါအတွက် မရှိမဖြစ်လိုအပ်သည့် ဆေးဝါးများ အရေးတကြီး လိုအပ်လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် အိမ်နီးချင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများအနေဖြင့် လူနာများအတွက် အရေးပေါ်ဆေးဝါးများကို အကူအညီပေးနိုင်ကြရန် ရခိုင် ပြည်သူများကိုယ်စား AAက အကူအညီတောင်းခံထားသည်။

ဓာတ်ပုံ-AA Info Desk

#ရခိုင် #မောင်တော #စစ်ဘေးရှောင်များ #ဆေးဝါး #အကူအညီလိုအပ် #AA #အကူအညီတောင်း #Ayeyarwaddy_Times