
ဧရာဝတီတိုင်းမ်
(ဒိုက်ဦး)၊ ဩဂုတ် ၁၆ ရက်
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက နိုင်ငံ ရေးအကျဉ်းသား များထံက ပုံစံကြေးကောက်ခံခြင်းများပြုလုပ်နေကာ ဖိနှိပ်မှုများပြုလုပ်နေကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပုံစံကြေးကောက်ခံမှုများကို အဆောင်မှူးသီဟအောင်မှ အခြားရာဇဝတ်အကျဥ်းသားများနှင့် ပူးပေါင်း ကာ ဇူလိုင် ၂၁ ရက်နေ့နောက်ပိုင်းမှ စတင်၍ ထောင်ပြောင်းလာကာစ နိုင်ငံ ရေးအကျဉ်းသား ၂၀၀ နီးပါးထံက ငွေကျပ် တစ်သိန်း ဝန်းကျင် ကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။
“နိုင်ကျဉ်းတွေကို အဓိကထား ကောက်ခံတဲ့အခြေအနေမှာရှိပါတယ်။ ငွေကြေးတော်တော်များများက အဆောင်မှူးသီဟအောင်ဆီကို ငွေတွေကအလုံးအရင်းနဲ့ဝင်သွားတာဖြစ်တယ်။ မပေးတဲ့သူတွေက ရိုက်နှက်ခံ နေကြရတယ်။ ပြည်သူတွေကအ ထွေထွေအကျပ်အတည်းနဲ့ ကြုံနေရတဲ့ကာလမှာ နိုင်ငံရေး အကျဉ်းသားတွအဆင်ပြေဖို့ မိသားစုတွေက အပြင်မှာ မရရ အောင်ရှာကြံပေးပို့ နေရတဲ့အခြေအနေပါ။ ဒါဟာ နိုင်ကျဉ်းတွေရော မိသားစုဝင်တွေဆီကပါ မရရ အောင် သူတို့ကလည်ပင်းညှစ်ပြီး တောင်းတဲ့အခြေအနေမျိုးဖြစ်ပါတယ်” ဟု PPNM က ကိုသိုက်ထွန်းဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ပုံစံကြေးကို ထောင်ပြောင်းလာသည့် နိုင်ငံရေးအကျဉ်းသား အားလုံးနီးပါ ပေးရခြင်း ဖြစ်ပြီးပုံစံကြေးမပေးသူများကို ထောင်အာဏာပိုင်များမှ ခြေထောက်ဖြင့် ကန်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်နေပြီး ညစ်ညမ်းစွာ စော်ကား ဆဲဆိုခြင်းများလည်း ပြုလုပ် နေကြောင်း သိရသည်။
“ပုံစံကြေးဆိုတဲ့အခါမှာ ထောင်ထဲမှာ ဘယ်လိုနေထိုင်ရမလဲ၊ အရာရှိနဲ့တွေ့တဲ့အခါဘယ်လို ဆက်ဆံ ရမလဲ၊ ထောင်မှာ နေရမယ့်စည်းကမ်းချက်ကို သင်ပေးရတာ။ ဒါကိုပေးတာ။ တစ်ရက်လောက်ပဲ၊ တစ်ခါတလေ တစ်ပတ်လောက် မောင်းတာရှိတယ်။ အဲ့လို အခြေအနေမျိုးမှာ သက်သက်သာသာ ရှိဖို့ဆိုပြီး ငွေကောက်နေတာ။ မဟုတ်ရင် တော့ ရိုက်နှက်ခံရတာပဲ” ဟု ကို သိုက်ထွန်းဦးက ဆက်လက် ပြောသည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီကအာဏာသိမ်းလိုက်သည့် အချိန်မှစတင်ကာ တော်လှန်ရေးလှုပ်ရှားမှု ကြောင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် အကျဉ်းသား ၉၃၃၁ ဦးရှိကြောင်း နိုင်ငံရေးအကျဥ်းသား များကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရသိရပြီး ဒိုက်ဦးထောင်တွင် နိုင်ငံရေး အကျဉ်းသား ၁၀၀၀ ဝန်းကျင်ရှိ ကြောင်း သိရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်
#ဒိုက်ဦးထောင် #နိုင်ငံရေးအကျဉ်းသား #ငွေကြေးကောက်ခံ #ပုံစံကြေး #ထောင်အာဏာပိုင် #Ayeyarwaddy_Times