ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်

နိုင်ငံခြားငွေကြေးဈေးကွက်တွင် ‌စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ ပံ့ပိုးပေးရန်အပါအဝင် ဘဏ်အပ်နှံငွေနှင့် ချေးငွေအတိုးနှုန်းပြင်ဆင်ရန်စစ်ကောင်စီ၏ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယမန်နေ့ ဩဂုတ် ၁၄ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်သည်။

လက်ရှိတွင်စက်သုံးဆီပြတ်လပ်မှုဖြစ်ပေါ်နေသည်မှာ နှစ်ပတ်ကျော်ကြာမြင့်နေပြီ ဖြစ်ကာ ၇၀၀၀ ကျပ်အထိ မြင့်တက်ခဲ့သော ပြင်ပဒေါ်လာပေါက်ဈေးမှာ ပြန်လည်ကျဆင်းလာပြီး ယနေ့ ဩဂုတ် ၁၆ ရက်နေ့ပေါက်စျေးမှာ တစ်ဒေါ်လာလျှင် ကျပ် ၅၈၀၀ မှ ၆၂၀၀ ကြား ရှိနေသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို အထိုက်အလျောက်လျော့ကျစေရန်၊ ပြည်သူများဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေပိုမိုရရှိစေရန်၊ ဘဏ်များ၏ချေးငွေထုတ်ချေးနိုင်မှု ပိုမိုလာပြီးစီးပွားရေးတိုးတက်မှုကို အထောက်အကူပြုစေရန်ဟုဆိုကာ ဘဏ်များအနေဖြင့် အမြတ်ရနိုင်စွမ်းနှင့် ဆုံးရှုံးနိုင်ခြေစီမံ ခန့်ခွဲနိုင်မှုအရ အပ်ငွေနှင့် ချေးငွေအတိုးနှုန်းများအား ၇ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအတွင်း သတ်မှတ်ရမည်ဖြစ်ပြီး လာမည့် စက်တင်ဘာ ၁ ရက်နေ့တွင် အသက်ဝင်မည် ဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

“ အပ်ငွေအတိုးနှုန်းပေးတာက လူတွေကိုယုံကြည်မှုရှိအောင် ဘဏ်မှာငွေအပ်အောင်လို့ ဆွဲဆောင်တာ။ ဘယ်သူမှမအပ်ကြပါဘူး။ အယုံအကြည်မရှိဘူးလေ။ ဒါပေမဲ့ ချေးငွေပေါ် အတိုးနှုန်းတိုးတာက စီးပွားရေးလုပ်ငန်းတွေအပေါ်ထိခိုက်မယ်။ နောက်ဆုံးကုန်ဈေးနှုန်းပေါ်သက်ရောက်မှာပဲ။ စီးပွားရေး မကောင်းရင် အတိုးနှုန်းလျှော့ပေးရမှာ။ ချေးငွေများများယူပြီး ကုန်ထုတ်နိုင်အောင် လုပ်ငန်းလည်ပတ်ဖို့ လုပ်ပေးရမှာ” ဟု အသေးစားလုပ်ငန်းလုပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် ဘဏ်များက အပ်ငွေများအပေါ်ပေးရမည့် အနည်းဆုံးအတိုးနှုန်းကို ၇ ရာခိုင်နှုန်း နှင့် ချေးငွေ များအားလုံးအတွက်ကောက်ခံနိုင်သည့် အများဆုံးအတိုးနှုန်းကို ၁၅ ရာခိုင်နှုန်း သတ်မှတ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ယင်းပြင် ဗဟိုဘဏ်၏ အတိုးနှုန်းကို လက်ရှိ ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်းသို့ တိုးမြှင့် သတ်မှတ်ပြီး နိုင်ငံ တော်၏မူဝါဒအရ လက်ရှိထုတ်ချေးပေးလျက်ရှိသည့် အထူးချေးငွေများ၏ အတိုးနှုန်းများကိုမူ ပြောင်းလဲမှုမရှိကြောင်းဆိုထားသည်။

ဓာတ်ပုံ – MOI

#ဗဟိုဘဏ် #ဒေါ်လာသန်း၁၀၀ #ပံ့ပိုးမည် #‌ချေးငွေအတိုးနှုန်းမြင့် #အပ်ငွေအတိုးနှုန်းမြင့် #Ayeyarwaddy_Times