
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီပစ်ခတ်လိုက်သည့်လက်နက်ကြီးကျည်ကြောင့် ဒေသခံ ရှစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
ယမန်နေ့ ဩဂုတ် ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကျိန္တလီမြို့တွင်းရှိ ခရစ်ယာန်ဘုရားကျောင်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများ ထိခိုက်သေဆုံးခဲ့ရကြောင်း ကျိန္တလီ ဒေသခံများထံက သိရသည်။
“လက်နက်ကြီးတွေနဲ့ အတွဲလိုက်ကို ပစ်တာ။ လေယာဉ်နဲ့လည်း လာပစ်တယ်။ ဒေသခံအများစုကတော့ စစ်ရှောင်နေကြပြီ။ ရှောင်ဖို့ မတတ်နိုင်သူတွေပဲကျန်ခဲ့တာ။ ခရစ်ယာန်ကျောင်းကို လက်နက်ကြီး ကျည်ကျလို့ သေတဲ့သူများတယ်” ဟု ကျိန္တလီဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
AA သည် ပြီးခဲ့သည့် ဩဂုတ် ၁၃ရက်နေ့က ကျိန္တလီမြို့အတွင်း ရဲစခန်း၊ ထွေအုပ်ရုံး၊ လျှပ်စစ်ရုံးနှင့် အထက ကျောင်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ကစဉ့်ကလျား ထွက်ပြေးသွားကြောင်း သိရသည်။
ထိုသို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များသည် ကျိန္တလီနှင့် ဂွလမ်းတလျှောက်ရှိ ဆပ်သွား ကျေးရွာ၊ ကုလားပြင်(ရတနာမြိုင်)ကျေးရွာ၊ ကမ်းသာယာရွာရှိ လက်ကျန်တပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့ ကြောင်း သိရသည်။
ထို့အပြင် ကျိန္တလီမြို့နှင့် ၁၀မိုင်အကွာရှိ ကြွေချိုင်ကျေးရွာ၊ သရက်တောင်ဘုရားပေါ်တွင် လက်နက်ကြီး အထိုင်ချ၍ ကျိန္တလီမြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ လက်ကျန်တပ်များသည် ကုလားပြင် တံတားထိပ်၊ ကုလားပြင်ချောင်းနှင့် ရေကျော် ချောင်းတို့တွင် ကင်းပုန်းဝပ်ပြီး ခံစစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့မရဲစခန်း၊ ထွေအုပ်ရုံး၊ လျှပ်စစ်ရုံး ပတ်ဝန်းကျင်တို့တွင် ပျက်စီးမှုများပြီး လူထိခိုက်မှုများလည်းရှိကြောင်း သိရသည်။
AA သည် ဂွမြို့နယ်၊ ကျိန္တလီမြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ပြီးခဲ့သည့် ဩဂုတ် ၁၁ရက်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက ကြည်း၊ရေ၊လေ အသုံးပြု၍ ခုခံတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်များ စခန်းစွန့်ခွာထွက်ပြေးနေကြရသည်။
#ဂွမြို့နယ် #ကျိန္တလီမြို့ #စစ်ကောင်စီ #လက်နက်ကြီးပစ် #ဒေသခံ၈ဦးသေဆုံး #လက်ကျန်တပ် #စုပေါင်းခံစစ်ပြင် #Ayeyarwaddy_Times