
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ရက်
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်းသို့ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုမှာရော က်ရှိလာပြီဖြစ်၍ ဂွမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံရုံးဌာနများ မြို့မှပြောင်းရွှေ့သွားကြပြီ ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံ ရုံးဌာနဆိုင်ရာများသည် ဂွမြို့နယ်သို့ စစ်ရေးရောက်ရှိလာမည်ကို စိုးရိမ်ပြီး ပြီးခဲ့သည့် ဩဂုတ် ၈ ရက်နေ့မှစ၍ ဧရာဝတီ တိုင်း၊ ရေကြည်မြို့သို့ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြောင်းရွှေ့ရာတွင် ဂွမြို့ဆေးရုံ၊ ဆပ်သွားဆေးရုံတို့ကို ပြီးခဲ့သည့် ဩဂုတ် ၁၃ရက်နေ့က ပိတ်ထားခဲ့ပြီး ကျိန္တလီဆေးရုံကိုမူ ဇူလိုင်လအတွင်းကတည်းက ပိတ်ထားကြောင်း သိရသည်။
“ဆေးရုံတွေလည်းပိတ်သွားပြီ။ မြို့ထဲမှာက အရင်က ဒေသခံ နှစ်သောင်းလောက်တော့ရှိတယ်လေ။ အခု အတော်များများ စစ်ရှောင်ကြပြီ။ မြို့နယ်တွေမှာက လူထောင်ချီရှိတာ။ ကြွေချိုင်မှာ လက်နက်ကြီးနဲ့ တည်ပစ်နေတော့ အဲဒီ့နားတစ်ဝိုက်က ကိုင်းခုံ၊ ကုလားပြင်၊ ဂျိုင်ကောက်၊ ပိန္နဲကုန်း၊ ကမ်းသာယာ၊ ဆပ်သွား စတဲ့ရွာတွေကိုပါ စစ်ရှောင်ဖို့ နှိုးဆော်ထားတယ်” ဟု ဂွမှ စစ်ရှောင် လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဂွမြို့နယ်ရှိ ချင်းကွင်း၊ ကျိန္တလီနှင့် ကုလားပြင်(ရတနာမြိုင်)နှင့် ကသိုင်းကွင်းတို့တွင် စစ်ကောင်စီက လက်နက် ကြီးများ အထိုင်ချ၍ တပ်စွဲထားသည်။
AAသည် ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့က ချင်းကွင်းရှိ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားကြသည်။
ကျိန္တလီရှိ ရဲစခန်း၊ ထွေအုပ်ရုံး၊ လျှပ်စစ်ရုံးနှင့် အထကကျောင်းတို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်များကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဩဂုတ် ၁၃ရက်နေ့ည၌ တပ်စွဲရာနေရာများမှ စခန်းစွန့်ခွာ ပြေးကြပြီး စစ်ကောင်စီတပ်များသည် ကုလားပြင်ကျေးရွာ၊ ကုလားပြင်ချောင်းနှင့် ရေကျော်ချောင်း တို့တွင် ခံစစ်ပြင်ထားကြောင်းသိရသည်။
ကျိန္တလီမြို့သည် သံတွဲနှင့် ဂွမြို့ကြားတွင် တည်ရှိပြီး သံတွဲမောင်ရွှေလေးရေတပ်တွင် တိုက်ပွဲပြင်းထန်နေသလို ကျိန္တလီမြို့၌လည်း တိုက်ပွဲများပြင်းထန်လာသည့်အတွက် ဂွရှိ ရုံးဌာနများသာမက ဒေသခံများပါ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းအတွင်းသို့ စစ်ဘေးရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
ကျိန္တလီတွင် ယမန်နေ့ ဩဂုတ် ၁၅ရက်နေ့က တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ရေကြောင်းနှင့် သရက်တောင် ဘုရားပေါ်မှ နေ၍လည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
#ဂွမြို့နယ် #စစ်ကောင်စီ #လက်အောက်ခံရုံးဌာနများ #ရွှေ့ပြောင်း #Ayeyarwaddy_Times