ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီ၏ စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံနေရပြီး တိုက်ပွဲများ ဖြစ်ပွားနေသည့်ကြားမှ တောင်ပြုံးပွဲကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါတောင်ပြုံးပွဲကို ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့မှစတင်ပြီး လုံခြုံရေးအပြည့်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လာမည့် ဩဂုတ် ၁၉ ရက်နေ့အထိ ၈ ရက် ကြာပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အစဉ်အလာအရ ကျင်းပပြုလုပ်ခဲ့သည့် တောင်ပြုံးပွဲမှာ ဒေသတွင်းမှလာရောက်သူများနှင့် ဈေးသည်အချို့သာရှိကြောင်း ဒေသခံများ ထံက သိရသည်။

“တိုက်ပွဲတွေဖြစ်လို့ ပြေးလွှားပုန်းနေရတဲ့အချိန်မှာ နတ်ကိုင်မှာကို ပိုကြောက်နေကြတယ်။ စစ်တပ်က လုံခြုံရေးတွေနဲ့ ပွဲတော်လုပ်နေတာပဲ။ တိုက်ပွဲတွေက အဲဒီနားမရောက်သေးပေမယ့် ကပ်နေပြီ ပြောရမယ်။ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ ပြေးနေကြရတာ” ဟု မတ္တရာမြို့ခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လက ယခုတောင်ပြုံးပွဲကျင်းပသည့် နေရာနှင့် ၅ မိုင်ခန့်သာကွာဝေးသည့် အောင်သပြေရွာရှိ စစ်ကောင်စီတပ်စွဲထားသည့် အယ်လ်ဖာဘိလပ်မြေစက်ရုံကို တော်လှန်ရေးအဖွဲ့ များက တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီက မတ္တရာမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက် မှုများပြုလုပ်ခဲ့သည်။

ထို့အပြင် တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် မန္တလေး-မတ္တရာ လမ်းပိုင်းရှိ ရွှေကျင်စစ်ဆေးရေးဂိတ်ကို ပိတ်ဆို့ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ် ၁၄ ရက် နံနက်ပိုင်းက မန္တလေးမြို့နှင့် မတ္တရာမြို့ကြား၊ မန္တလေး – မတ္တရာ ကားလမ်း ပေါ်ရှိ ကျောက်တံတား ကျေးရွာတွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မန္တလေးမြို့အဝင် ရွှေကျင်တိုးဂိတ်အထိ တော်လှန်ရေးတပ်များ ရောက်လာနိုင်သည့် အတွက် စစ်ကောင်စီက ကျောက်တံတားစခန်း မကျစေရေး အသည်းအသန် ခုခံခဲ့ကြောင်း သိရသည်။

ပုံစာ-တောင်ပြုံးပွဲကျင်းပနေစဉ်
#မန္တလေး #မတ္တရာ #တောင်ပြုံးပွဲကျင်းပ #Ayeyarwaddy_Times