
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေတပ်အတွင်း၌ ယနေ့မနက်ပိုင်းက သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သဖြင့် ပုသိမ်တမြို့လုံး အထိတ်တလန့်ဖြစ်ကာ မြို့ပေါ်ကျောင်းများအားလုံးမှ ကျောင်းသားကျောင်းသူများကို မိဘများက ပြန်လည်ခေါ်ဆောင်မှုဖြစ်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့ ကမ်းနားလမ်းပေါ်ရှိ ရေတပ်စခန်းတွင် ယနေ့မနက် ရှစ်နာရီခွဲခန့်ကသေနတ်ဖြင့် ပစ်ခတ်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“သေနတ်သံတွေအချက် ၃၀ လောက်ထွက်လာတော့ လူတွေအကုန်လန့်ဖြန့်ကုန်တာ။ သတင်းတွေအမျိုးမျိုးထွက်လာရော တိုက်ပွဲဖြစ်ပြီဆိုပြီး ကျောင်းသားမိဘတွေလဲ ကျောင်းက ကလေးတွေ ပြန်ခေါ်ကြပြီး ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်တာ”ဟု ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။
ပုသိမ်မြို့အခြေစိုက် ရေတပ်စခန်းတွင် စစ်ကောင်စီဗိုလ်မှူး ကျော်ဇာနည်ဦးဆိုသူမှ ယနေ့နံနက်တွင် လက်နက်များကို စမ်းသက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီနှင့်နီးစပ်သူများထံမှ သိရှိရသည်။
“ရေတပ်ထဲကနေ သေနတ်ပစ်တာ သုံးကြိမ်လောက်ဖြစ်တယ်။ တစ်ခါပစ်ရင် ၁၅ ချက်လောက်နဲ့ သုံးကြိမ်လောက် ပစ်တာ။ အသံက အကျယ်ကြီးပဲ။ တမြို့လုံးအကုန်လန့်ပြီး ကျောင်းတွေကနေ ကလေးတွေ လိုက်ခေါ်ကြတော့ တမြို့လုံး ရုတ်ရုတ်သည်းသည်းဖြစ်ကုန်တာ”ဟု ပုသိမ်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ကောင်စီတပ်က ငွေဆောင်ဘက်မှ ပုသိမ်မြို့သို့တက်လာသည့်ကားများကို မြို့ထဲအဝင်မခံဘဲ တံတားများထိပ်မှ ၎င်းတို့လာရာလမ်းအတိုင်း ပြန်လွှတ်နေကြောင်း သိရသည်။
“သေနတ်ပစ်ခတ်မှုက ဘာကြောင့်မှန်းတော့ သေချာမသိရဘူး။ ငဝန်မြစ်ထဲကမော်တော်က သေနတ်နဲ့ ပစ်သွားလို့ ရေတပ်က ခံပစ်တာလို့လည်း ကြားတယ်။ သေနတ်စမ်းတာတော့ မဖြစ်နိုင်ဘူး။ အခုထိတော့ ပစ်ခတ်တဲ့အကြောင်းအရာ အတိအကျ မသိရသေးဘူး။ မြို့ကို အပြင်ကအဝင်မခံဘဲ ပိတ်ဆို့စစ်ဆေးမယ်လို့လည်း ကြားတယ်”ဟု ပုသိမ်တဖက်ကမ်း အမှတ် ၉ ရပ်ကွက်မှ ဒေသခံတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းနှင့်မြို့များကို ရခိုင့်တပ်တော် AA မှသိမ်းယူနိုင်ခဲ့ပြီးနောက်ပိုင်းတွင် ဧရာ၀တီတိုင်းအတွင်းသို့ ၀င်ရောက်တိုက်ခိုက်မည်ဟု သတင်းများထွက်ပေါ်နေသည့်အတွက် စစ်ကောင်စီမှ ခံစစ်ပုံစံ လေ့ကျင့်ပြင်ဆင်မှုများနှင့် လုံခြုံရေးတင်းကြပ်နေကြောင်း သိရသည်။
#ရေတပ် #သေနတ်ပစ်ခတ်သံများကြောင့် #ပုသိမ်မြို့ #ရုတ်ရုတ်သည်းသည်းဖြစ် #Ayeyarwaddy_Times