
ဓာတ်ပုံ - သြဂုတ်လ ၁၁ ရက်နေ့က မော်လမြိုင်မြတ်မေတ္တာမွန်ဆီဆိုင်တွင် ဆီဝယ်ယူရန်စောင့်ဆိုင်းနေရစဥ်။(CJ)
နိုင်း/ဧရာဝတီတိုင်းမ်
(မော်လမြိုင်)၊ ဩဂုတ်လ ၁၂ ရက်
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ စက်သုံးဆီဆိုင်များတွင် သြဂုတ်လ ၁၀ ရက်နေ့ကစ၍ စက်သုံးဆီပြတ် လပ်မှုများဖြစ်ပေါ်နေပြီး အကန့်အသတ်ဖြင့်သာရောင်းချနေကြောင်း ဒေသခံများထံကသိရသည်။
စက်သုံးဆီဆိုင်အများစုတွင် 95 ဓာတ်ဆီပြတ်လပ်နေသဖြင့်ဝယ်ယူ၍မရဘဲ 92 ကိုလည်း အကန့်အသတ်ဖြင့်သာရောင်းချနေရပြီး ဆီဆိုင်တချို့လည်း ပိတ်ထားရကာ စစ်ကောင်စီနှင့်နီးစပ်သည့် ဆီဆိုင်တချို့တွင်တန်းစီစောင့်ဆိုင်းဝယ်ယူနေရကြောင်း ဒေသခံတဦးကပြောသည်။
” ခု ၂ ရက်လောက်ရှိပြီ ဆိုင်တော်တော်များများမှာ ဆီပြတ်နေတာ။ မနေ့ကပိုဆိုးတယ်၊ ဒီမနက်လည်းရှာဝယ်လို့တောင်မရဘူးလို့သိရတယ်။ ။ သွားထည့်တိုင်းကုန်လို့ချည်းဘဲ။ 92 ကိုလည်း ဘလောက်ဖိုးအများဆုံးဆိုတာမျိုးဘဲရောင်းပေးတယ်။ ဆီဆိုင်တချို့တွေလည်း ဆီမရှိတော့ရပ်ထားရတယ်။ ရနိုင်တဲ့ ဆီဆိုင်ကြီးတချို့မှာကျတော့ ဆီတခါဖြည့်ရင်လည်းအကြာကြီးတန်းစီစောင့်ရတာ” ဟု မော်လမြိုင်မြို့ခံတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင် စက်သုံးဆီစျေးနှုန်းများ ပြန်လည်မြင့်တက်လာပြီး ယနေ့ သြဂုတ်လ ၁၂ ရက် မနက်ပိုင်း ဆီဆိုင်ကြီးတချို့တွင် ဓာတ်ဆီ 92 တစ်လီတာ ၂၄၀၀ ကျပ် ၊ 95 ၁ လီတာ ၂၅၀၉ ကျပ်၊ ပရီမီယံ ဒီဇယ် ၂၇၀၀ ကျော် ဝန်း ကျင်အထိနှုန်းဖြင့်ဝယ်ယူနေရကြောင်း ဒေသခံများထံကသိရသည်။
သြဂုတ်လ ၈ ရက်နေ့ စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ၂၁၀၀ ကျပ်ပြောင်းလဲသတ်မှတ်ပြီးနောက် မော်လမြိုင်မြို့အပါအဝင် အခြားမြို့ကြီးများတွင်လည်း စက်သုံးဆီစျေးနှုန်းများပြန်လည်မြင့်တက်လာခြင်းဖြစ်ပြီး ဆီပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလနောက်ပိုင်းမှစ၍ နိုင်ငံအနှံ့စက်သုံးဆီပြတ်လပ်မှုများမကြာခဏဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်ကတော့ စက်သုံးဆီများအလုံအလောက်ရှိကြောင်း၊ပြတ်လပ်မှုဖြစ်ပေါ်ဖို့မရှိကြောင်း ၄င်းတို့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲများတွင် အခိုင်အမာပြောဆိုသော်လည်း ယခုလိုဆီပြတ်လပ်မှုများပြန်လည်ကြုံတွေ့နေရခြင်းဖြစ်သည်။