ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ရက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့တိုက်ပွဲဖြစ်ပွားလျက်ရှိရာ AA၏ ထိုးစစ်ကို မခုခံနိုင်တော့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဘင်္ဂလား​ဒေ့ရှ် နိုင်ငံအတွင်း ဝင်ပြေးသွားကြောင်း သိရသည်။

ယနေ့ ဩဂုတ် ၁၅ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနယ်စပ်မှနေ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနက်ပြည်နယ်၊ ဆားပြင်တိုက်နယ် နာဇီယာပါရာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး ထွက်ပြေးဝင်ရောက်သွားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် အမှတ်(၂) BGBတပ်က လက်နက်များဖြုတ်၍ ကူညီစောင့်ရှောက်ထားကြောင်းသိရသည်။

ယင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ထံ လက်နက်ချ၍ အကူအညီတောင်းခံမှု ပြုလုပ်ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် မီဒီယာများထံက သိရသည်။

မောင်တောတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ ကျော်သည် ပြီးခဲ့သည့် ဇူလိုင် ၁၄ရက်နေ့ကလည်း လှေလေးစီးဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဝင်ရောက်ဖို့ကြိုးစားရာ နယ်ခြားစောင့်တပ်များက လက်မခံသဖြင့် နတ်မြစ်အတွင် လှေများဖြင့် မျောနေခဲ့သည်။

​ပြီးခဲ့သည့် လများအတွင်းကလည်း AA ၏ ထိုးစစ်ကို ခုခံနိုင်ခြင်းမရှိ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဝင်ပြေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ၎င်းတို့၏ နိုင်ငံသား အကျဉ်းသားများနှင့် လဲလှယ်၍ စစ်ကောင်စီထံ ပြန်လည်ပို့ဆောင်ခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ် ၁၃ရက်နေ့ကလည်း မောင်တောမှစစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀၀ ခန့်သည် ဘုတ်အစီး ၂၀ခန့်ဖြင့် တိုက်ပွဲအတွင်းမှ ထွက်ပြေးကြသည့်အတွက် ဘင်္ဂလားဒေ့ရှ်သို့ သွားရောက် အကူအညီတောင်းနိုင်ခြေရှိကြောင်း သိရသည်။

#မောင်တော #စစ်ကောင်စီ #ဘင်္ဂလားဒေ့ရှ် #ထွက်ပြေး #Ayeyarwaddy_Times