
ဧရာဝတီတိုင်းမ်
(ကျိုက်ထို)၊ ဩဂုတ် ၁၅ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၊ ကဒတ်ချောင်းတွင် အရက်သောက်နေသည့် စစ်ကောင်စီလက် အောက်ခံ ရဲတပ်ဖွဲ့ဝင် သုံး ဦးကို ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) ကအရှင်ဖမ်းဆီးရမိခဲ့ ကြောင်း ယနေ့ ဩဂုတ် ၁၅ ရက်နေ့တွင် ထုတ်ပြန်သည်။
တော်လှန်ရေးတပ်ဖွဲ့မှ နယ်မြေလုံခြုံရေးအတွက်ကင်းလှည့်နေစဉ် အရက်လာ သောက်သည့် ကျိုက်ထိုမြို့မရဲစခန်းနှင့် သထုံခရိုင်ရဲတပ်ဖွဲ့မှ ရဲ သုံး ဦးကို တွေ့ကာ အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိခဲ့သည့် ရဲသုံးဦးမှာ ကျိုက်ထိုရဲစခန်းမှ ရဲတပ်သားဝင်းထက်၊ နယ်ထိန်းရဲ ကြည်သာ နှင့် သထုံခရိုင် ရဲတပ်ဖွဲ့မှ ရဲတပ်သား ကောင်းထက်ကျော်တို့ ဖြစ်ကြောင်း သိရသည်။
“သူတို့ကို ကောင်းကောင်းမွန်မွန်ထားထားပါတယ်။ အရေးယူဆောင်ရွက်မှုတော့လုပ်မှာပါ။ ဆန္ဒပြ ပြည်သူတွေကို ဖြိုခွင်းတဲ့လုပ်ရပ်တွေမှာလဲပါဝင်တယ်။ စစ်ကောင်စီနဲ့ပေါင်းပြီး ပြည်သူလူထုတွေကို အကြောင်းမဲ့ဖမ်းဆီးတဲ့လုပ်ရပ်တွေမှာလဲပါဝင်တယ် ပြည်သူလူထုကိုထိုးကြိတ်ရိုက်နှက်ပြီး အချုပ်ကား ပေါ် ခြေထောက်နဲ့ကန်တင်တာတွေရောပေါ့” ဟု သထုံခရိုင် PDF တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုအေးမင်းထွန်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ဆေး မေးမြန်းချက်များအရ အဆိုပါရဲတပ်ဖွဲ့ဝင် သုံး ဦးသည် ဒေသခံများကို အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ရိုက်နှက်ခြင်းများတွင် ပါဝင်ခဲ့ကြောင်း သိရပြီး ၎င်းတို့ဖမ်းဆီးခံရမှုနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာ ရဲစခန်းများမှ မည်သည့်လှုပ်ရှားမှုကိုမျှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။
ယခုအခါ ၎င်းတို့ သုံး ဦးကို စစ်ဆေးမေးမြန်းခြင်းများ ပြီးစီးခဲ့သည့်အတွက် သက်ဆိုင်ရာ တာဝန်ရှိ သူထံသို့ ပို့ဆောင်အပ်နှံထားကြောင်း သိရသည်။
အဆိုပါရဲတပ်ဖွဲ့ဝင် သုံး ဦးကို ပြီးခဲ့သည့် ဇူလိုင် ၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး လုံခြုံရေး ဆိုင်ရာကိစ္စရပ်များကြောင့် ထုတ်ပြန်မှု နောက်ကျရခြင်းဖြစ်ကြောင်း KRF က ဆိုသည်။
ဓာတ်ပုံ – KRF
#ကျိုက်ထို #ကျိုက်ထိုရဲစခန်း #ရဲတပ်သား #ဖမ်းဆီးရမိ #အရှင်ဖမ်းဆီးရမိ #KRF #Ayeyarwaddy_Times