ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ရက်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် စစ်ကောင်စီက ကမ်းနားတစ်လျှောက် ခြံစည်းရိုးခတ်၍ ခံစစ်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဩဂုတ် ၁၀ရက်နေ့မှစတင်၍ စစ်တွေပွိုင့်ကမ်းခြေအနီးရှိ ရေတပ် စခန်းကိုကာကွယ်ရန်နှင့် ရေကြောင်းမှ အရက္ခတပ်တော် (AA) မလာနိုင်စေရန်အတွက် ကမ်းနား တစ်လျှောက် သံတိုင်များထောင်၍ ခြံစည်းရိုး ခတ်နေကြောင်း ဒေသခံများထံက သိရသည်။

“ခြံစည်းရိုး သံဇကာတွေကပ်ပြီးရင် လျှပ်စစ်လွှတ်မယ်လည်းပြောတယ်။ အခုတော့ ကမ်းနား တစ်လျှောက် သံတိုင်တွေစိုက်ပြီး သွားပြီ” ဟု စစ်တွေဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

AA က စစ်တွေအနီးရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်တို့ကို သိမ်းပိုက်ပြီးချိန်တွင် ၎င်းမြို့နယ်များမှ တစ်ဆင့် AA တပ်ဖွဲ့ဝင်များ ဝင်ရောက်မလာစေရန် မင်းချောင်းတံတားနှင့် ကစ္ဆပနဒီမြစ်ကူးတံတား တို့ကို စစ်ကောင်စီက ဖျက်ဆီး ခဲ့သည်။

အာရက္ခတပ်တော် (AA) သည် သံတွဲရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်နေချိန်တွင် စစ်တွေမြို့နယ် အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ ဒေသခံများကို ဇွန် ၉ရက်မှ ၁၄ရက်အတွင်း စစ်တွေမြို့အတွင်း အတင်းအကျပ်ရွှေ့ပြောင်းစေခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇွန် ၁၅ရက်မှစတင်၍ စစ်တွေမြို့တွင်း ဧည့်စာရင်းအကြောင်းပြကာ စစ်ရှောင်ရာချီကို ဖမ်းဆီး အမှုဖွင့်ခြင်းများ ပြုလုပ်ခဲ့သည်။

စစ်တွေမြို့အတွင်းရှိ ဒေသခံတချို့မှာ ပြောင်းရွှေ့စစ်ရှောင်သွားကြပြီဖြစ်သော်လည်း အတင်းအကျပ် ရွှေ့ပြောင်းခံရသူများနှင့် စစ်ရှောင်များကျန်နေပြီး စစ်ကောင်စီ၏ ဖမ်းဆီး ငွေညှစ်မှုဒဏ်ကို ခံစား နေရကြောင်း သိရသည်။

စစ်ကောင်စီသည် စစ်တွေမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများကို မောင်းထုတ်၍ ကျေးရွာ များတွင် ကာကင်းစခန်းများ တည်ဆောက်ပြီး မိုင်းထောင်ခြင်းများပြုလုပ်ထားကြောင်း သိရသည်။

ထို့အပြင် စစ်တွေမြို့အတွင်း သွားလာမှုများကိုကန့်သတ်ထားကာ စစ်တွေမှတ်ပုံတင် ကိုင်ဆောင် ထားသူမဟုတ်ပါက ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

#စစ်တွေ #စစ်ကောင်စီ #ကမ်းနားတစ်လျှောက် #ခြံစည်းရိုးခတ် #ခံစစ်ပြင် #Ayeyarwaddy_Times