
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် မြန်မာနိုင်ငံကို ရောက်ရှိလာသည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိတို့ တွေ့ဆုံမှုအပေါ် စစ်ကောင်စီက သတင်းထိမ်ချန်၍ ၎င်းတို့ကို ထောက်ခံအားပေးသည့်သဘော ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
မစ္စတာ ဝမ်ယိသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ဩဂုတ် ၁၆ ရက်၌ ကျင်းပသွားမည့် (၉) ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် တက်ရောက်ရင်း မြန်မာနိုင်ငံသို့ ယမန်နေ့ ဩဂုတ် ၁၄ ရက်နေ့က ဝင်ရောက်လာခြင်း ဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက စစ်ခေါင်းဆောင်၊ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့အပြင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တရုတ်သံရုံး၊ ဆင်ဟွာ သတင်းဌာနတို့က ထုတ်ပြန်ခဲ့သည်။
“တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်က ထိပ်ပိုင်းခေါင်းဆောင်မှုရဲ့ သံန္နိဌာန်ပိုင်းဖြတ်ထားမှု ပြတယ်လို့ ယူဆပါတယ်။ သူတို့မှာ စဉ်းစားထားတဲ့ လုပ်ငန်းစဉ်ရှိတယ်။ အာဂျင်ဒါရှိတယ်။ အင်အားလည်း ရှိတယ်။ မြန်မာပြည် ပဋိပက္ခကို အရွေ့တစ်စုံတစ်ရာ တွန်းမယ် ယူဆပါတယ်” ဟု မြန်မာ့အရေး လေ့လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထိုသို့တွေ့ဆုံမှုနှင့် ပတ်သက်၍ စစ်ကောင်စီက ထုတ်ပြန်ရာတွင်မူ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း) သန်းရွှေနှင့် တွေ့ဆုံမှုကို ချန်လပ်ထားပြီး စစ်ခေါင်းဆောင်နှင့် တွေ့ဆုံမှုကိုသာ ဦးစားပေး ဖော်ပြခဲ့သလို မစ္စတာဝမ်ယိက ရှမ်းပြည်မြောက်ပိုင်းတွင် EROs အဖွဲ့များ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆန့်ကျင်သည်ဟုလည်း စစ်ကောင်စီက ဆိုသည်။
ထို့အပြင် မစ္စတာဝမ်ယိက ရွေးကောက်ပွဲ ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုများကို ထောက်ခံ၍ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အလေးထားပူးပေါင်း ဆောင်ရွက်လျက်ရှိသည်ဟု ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ၎င်းတို့ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ဖော်ပြသည်။
သို့သော် တရုတ်သံရုံးနှင့် ဆင်ဟွာ သတင်းဌာန၏ ထုတ်ပြန်ချက်တွင်မူ မစ္စတာဝမ်ယိက နိုင်ငံရေးအရ ရင်ကြားစေ့ရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည်စတင်ရေးကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ကာ ရေရှည်တည်ငြိမ်အေးချမ်းသော လမ်းကို ရှာရမည်ဟု စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ယင်းအပြင် မြန်မာ့ပြည်တွင်းရေးအပေါ် ပြည်ပအင်အားစု ဝင်ရောက် စွက်ဖက်ခြင်းကို ဆန့်ကျင်သလို တရုတ်-မြန်မာ ဆက်ဆံရေးအား သွေးကွဲအောင် လုပ်ဆောင်နေမှုနှင့် တရုတ်နိုင်ငံအား အိုးမဲသုတ် အပုပ်ချနေသည့် ပြောဆိုလုပ်ဆောင်မှု မှန်သမျှကို ဆန့်ကျင်ကြောင်း စစ်ခေါင်းဆောင်ကို ပြောဆိုခဲ့သည်။
ထို့အတူ ရပ်ဝန်းနှင့် ပိုးလမ်းမအပါအဝင် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းကြီးများ အတူတည်ဆောက်ရေး ဖော်ဆောင်မှုကို အရှိန်မြှင့်ရန်၊ တရုတ်-မြန်မာ ရေနံနှင့်သဘာဝဓာတ် ငွေ့ပိုက်လိုင်း လည်ပတ်မှုကို ကောင်းမွန်စွာ ဆောင်ရွက်ရန်နှင့် စသည့်ကိုကို ထည့်သွင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
ထိုကိစ္စရပ်အား စစ်ကောင်စီက သတင်းထိမ်ချန်ထားပြီး တစ်ဖက်တွင် ရှမ်းမြောက်စစ်ဆင်ရေး၌ တရုတ်အစိုးရ ပါဝင်ပတ်သက်နေသည်ဟု စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီ ထိပ်ပိုင်းအရာရှိများ၊ စစ်လော်ဘီများနှင့် အမျိုးသားရေး အစွန်းရောက်များ၊ နိုင်ငံရေးပါတီများက စွပ်စွဲပြောဆို ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီက ကားများစီစဉ်ပေးခဲ့သည်။
#စစ်ခေါင်းဆောင် #ဝမ်ယိ #တွေ့ဆုံမှု #စစ်ကောင်စီ #သတင်းထိမ်ချန်ထုတ်ပြန် #Ayeyarwaddy_Times