
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့ နှင့် ကန်ကြီးထောင့်မြို့ အနီး ဝန်းကျင်သို့ အာရက္ခတပ်တော်(AA) တို့ဝင်ရောက်နိုင်သည်ဟုဆိုကာ စစ်ကောင်စီအမြောက်တပ်များတွင် အင်အားဖြည့်တင်းမှုပြုလုပ်နေပြီး တပ်အနီးတဝိုက် လုံခြုံရေးတင်းကျပ်ထားကြောင်း ဒေသခံနှင့် တပ်တွင်းသတင်းအရင်းအမြစ်များထံက သိရသည်။
ငါးသိုင်းချောင်းမြို့အနီးသို့ အာရက္ခတပ်တော်(AA)များဝင်ရောက်နိုင်သည်ဟုဆိုကာစစ်ကောင်စီအမြှောက်တပ် အမတ-၃၄၄ အနီး မာလာကွင်းတွင် ဘန်ကာများဆောက်လုပ်နေကာ တပ်အနီးတဝိုက်တွင်လုံခြုံရေးတင်းကျပ်ထားကြောင်း တပ်တွင်းသတင်းအရင်းအမြစ်များထံကသိရသည်။
“ AA တွေလာနိုင်တယ်ဆိုပြီးတော့ အမတ ၃၄၄ အရှေ့မှာကော မာလာကွင်းနေရာမှာပါ ဘန်ကာတွေဆောက်နေတာမကြာသေးဘူး။ တပ်အနားနဲ့ လမ်းပေါ်မှာပါ စစ်ဆေးတာတွေလုပ်လိုက်တယ်။ အင်အားဖြည့်ဖို့လုပ်နေတာပေါ့။ တပ်အတွင်းအပြင်လည်းလုံခြုံရေးတင်းကျပ်ထားတယ် ”ဟု အမတ-၃၄၄ နှင့်နီးစပ်သည့်တပ်တွင်းသတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင်ကန်ကြီးထောင့်မြို့နယ်အနီးသို့တော်လှန်ရေးအင်အားစုများအပြင် အာရက္ခတပ်တော်(AA)ဝင်ရောက်နိုင်သည်ဟုဆိုကာတပ်အနီးရှိ တကုန်းကြီး၊ ညောင်ပင်ကြီးကုန်း၊ ဒိုးပင်ဆိပ်၊ ကံကုန်း အစရှိသည့် ကျေးရွာများမှဒေသခံများအား တပ်နယ်မြေအတွင်းဖြတ်သွားလာခွင့် ပိတ်ပင်ထားကြောင်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ဒေသခံများထံကသိရသည်။
“ အမြောက်တပ်အနားကို ဖြတ်သန်းခွင့်မပေးတော့ဘူး။ တပ်အနားရောက်တာနဲ့ သေတ်နဲ့လှမ်းပစ်တာတွေလုပ်တယ်။လူထိတာတော့မကြားရသေးဘူး။ အဲလိုတွေလုပ်တော့တပ်အနားမှာဝါးခုတ်တာတို့မျှစ်ချိုးတာတို့လုပ်မရတော့ဘူး။ အဲ့တာလေးတွေချိုးပြီးဈေးမှာရောင်းရတဲ့သူတွေဆို ဒုက္ခရောက်ကုန်တယ်”ဟု တာကုန်းကြီးကျေးရွာဒေသခံတစ်ဦးကဆိုသည်။
ထို့အတူအမတ-၅၀၅ တကုန်းကြီးတွင် ပြီးခဲ့သည့် ဩဂုတ် ၁၁ရက်နေ့ကစ၍ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းမှ စစ်သင်တန်းဆင်း ၅၀ဦးထက်မနည်း အင်အားဖြည့်တင်းကာ တပ်နယ်မြေအနီးတဝိုက်သို့ အဝင်အထွက်သွားလာခွင့်ပိတ်ပင်၍ ပစ်မိန့်ပေးထားကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ထံက သိရသည်။
ထို့အပြင် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့ ထိစပ်နေသော မြို့နယ်များတွင် စစ်ကောင်စီကအင်အားတိုးချထားနေကြောင်း ဒေသခံများထံက သိရသည်။
#တော်လှန်ရေးတပ်များ #ရခိုင် #အမြောက်တပ် #အင်အားဖြည့် #လုံခြုံရေးတင်းကြပ် #Ayeyarwaddy_Times