
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ ဖားကန့်ဗျူဟာ၏ အရေးအပါဆုံးစစ်စခန်းဖြစ်သည့် တောမှော် စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ တောမှော်စစ်ကောင်စီစခန်းကို KIA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကယနေ့ ဩဂုတ် ၁၅ရက် ညနေ ၄နာရီ ၄၀မိနစ်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ တော်မှော်စစ်စခန်းနှင့် လမောင်စခန်းတို့ကို KIA က ယမန်နေ့ ၁၄ရက်နေ့ မှစတင်၍တိုက်ခိုက်ခဲ့ပြီး လမောင်စခန်းကို ယနေ့ ဩဂုတ် ၁၅ရက်နေ့ နံနက် ၉နာရီ ၃၀မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
“လမောင်စခန်းကနေ စစ်သား ၁၁ယောက်အရှင်ဖမ်းမိတယ်ပြောတယ်။ မနေ့ကတော့ လေကြောင်း ပစ်ကူ လာတယ်။ ဗျူဟာကနေလည်း လက်နက်ကြီး ပစ်ကူတယ်။ ညနေမှာ တောမှော်ကိုရပါတယ်” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါစခန်းနှစ်ခုသည် စစ်ကောင်စီ၏ ဖားကန့်ဗျူဟာအတွက် အရေးပါသော စစ်စခန်းနှစ်ခုဖြစ် ကြောင်း သိရသည်။
စစ်ကောင်စီက အဆိုပါစခန်းကုန်းများမကျစေရေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သလို၊ ဖားကန့် ဗျူဟာမှနေ၍လည်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။
KIA သည် ပြီးခဲ့သည့် ဩဂုတ် ၁၁ရက်နေ့မှစ၍ ကချင်ပြည်နယ်ရှိ စစ်ကောင်စီစခန်းများကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်လာရာ မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ-၄၃၇ တပ်ရင်း၏ ကာကင်းစခန်းများကို သိမ်းပိုက်ထားကြောင်း သိရသည်။
KIA သည် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ စစ်စခန်းများကို မတ်လ ၇ရက်နေ့က စတင်၍ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ရာ စစ်စခန်း ၂၀၀ ကျော်ကို သိမ်းပိုက်ထားနိုင်ကြောင်း သိရသည်။
#ကချင် #ဖားကန့် #တောမှော် #စစ်ကောင်စီ #KIA #တိုက်ခိုက်သိမ်းပိုက် #Ayeyarwaddy_Times