ဧရာ၀တီတိုင်းမ်း
ဩဂုတ် ၁၃ ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြိုနယ်၊ တကောင်းမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင် ၆၄ဦး သေဆုံးပြီး ၂၀ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက ယနေ့ ဩဂုတ်၁၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန် သည်။

ပြည်သူကာကွယ်ရေးတပ်ဖွဲ့များသည် တကောင်းမြိုကို ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက် နံနက်ပိုင်းမှ စတင် တိုက်ခိုက်ခဲ့ကာ ဩဂုတ်လ ၁၂ ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

တကောင်းမြို့ကို ထိုသို့ တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်မှ ဒုတိယဗိုလ်မှူးကြီး ရဲခေါင်နှင့် ဗိုလ်မှူး မိုးသွင် ဦးစီးသည့် တတက-၁၃၊ ဗိုလ်မှူးမိုးဝင်း ဦးစီးသည့် စခတ-၂၊ ရဲအုပ်အောင်ကိုဝင်း ဦးစီး ရဲတပ်ဖွဲ့၊ ဒုမြို့နယ်မှူးဇော်လင်းနိုင် အခြေပြုနေထိုင်သော ထွေအုပ်ရုံး၊ ဆေးရုံနှင့် ရဲစခန်းတို့ကို ဩဂုတ် ၁၁ ရက်နေ့တွင် ရရှိခဲ့ပြီး လေးမျက်နှာဘုရားကို ၁၂ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လက်နက်မျိုးစုံ ၈၃ လက်၊ ကျည်မျိုးစုံ ၁၄,၀၀၀ ကျော် နှင့် ဗုံးသီးမျိုးစုံ ၁၃၀ ခန့်ကို သိမ်းဆည်းရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် နှစ် ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း အမှတ်(၁)စစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တကောင်းမြို့သိမ်းတိုက်ပွဲကို အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး ကွပ်ကဲမှုဖြင့် အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲနှင့် သပိတ်ကျင်းမြိုနယ် ပကဖ တိုမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ-အမှတ် (၁)စစ်ဒေသ
#တကောင်းမြို့သိမ်းတိုက်ပွဲ #စစ်ကောင်စီတပ်ဖွဲ့ဝင် #၆၄ ဦးသေဆုံး #၂၀ဦး #အရှင်ဖမ်းဆီးရမိ #Ayeyarwaddy_Times