ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ရက်

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့ရှိ မျှော်တော်ဦးရေတပ်ကို စစ်ကောင်စီက စစ်ကူများနှင့် စစ်သင်္ဘော များပို့ဆောင်၍ စစ်အင်အားတိုးချဲ့ထားကြောင်း သိရသည်။

သံတွဲမြို့နှင့် သံတွဲလေဆိပ်၊ ငပလီဟိုတယ်ဇုန်တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက တောင်ကုတ်၊ ဂွနှင့် မာန်အောင်တို့တွင် စစ်အင်အားတိုးချဲ့ ခံစစ်ပြင်လာခြင်းဖြစ်သည်။

စစ်ကောင်စီသည် မာန်အောင်မြို့ရေတပ်စခန်းအနီးရှိ ကျေးရွာများပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်းများ ထောင်ထားပြီး ခအုံးမော်ကျေးရွာ၊ ကံတိုင်းအုပ်ကျေးရွာများအနီးတွင်လည်း မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း သိရသည်။

“လယ်ကွင်းတွေနဲ့ ကမ်းစပ်တွေပါ မိုင်းထောင်ထားတော့ လယ်လုပ်ငန်းတွေရပ်ထားရတယ်။ ပင်လယ်ပြင် ငါးဖမ်းခွင့်လည်း ပိတ်ထားလို့ ဒေသခံတွေ စားသောက်နေထိုင်ဖို့ ခက်နေတယ်။ စစ်ကြောင်းထိုးလို့ အထိုးခံရတဲ့ရွာတွေထဲက တချို့တွေလည်း စစ်ရှောင်စပြုနေကြပြီ” ဟု မာန်အောင် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ခအုံးမော်နှင့်ကံတိုင်းအုပ်ကျေးရွာ အနီးလယ်ကွင်းနှင့် ကမ်းစပ်များတွင်သာမက ဂုံးကောက် ကမ်းခြေ အနီးတွင်လည်း မြေမြှုပ်မိုင်းထောင်၍ မိုင်းအန္တရာယ် သတိပေးဆိုင်းဘုတ် ထောင်ထားကြောင်း ဒေသခံများထံက သိရသည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၁၆ရက်နေ့က စတင်၍ မာန်အောင်မြို့ရှိ ခအုံးမော်၊ သစ်ပုံ၊ ငှက်ပျောတော၊ အနောက်ပါး စသည့် ကျေးရွာ ၁၅ ရွာနီးပါးကို စစ်ကြောင်းထိုး တပ်စွဲနေထိုင်မှုများ လုပ်ဆောင်လာပြီး စစ်ကြောင်း ထိုးရာရွာများတွင် ‌AA တပ်ဖွဲ့ လှုပ်ရှားမှု ရှိ/မရှိ ၊ ဒေသခံများနှင့် ဆက်သွယ်မှုရှိ/မရှိ တို့ကို စစ်ဆေးကြောင်း သိရသည်။

အာရက္ခတပ်တော် (AA) သည် သံတွဲမြို့ကို သိမ်းပိုက်ပြီး မောင်တောမြို့ရှိ အချက်အချာနေရာများကိုပါ ထိန်း ချုပ်ကာ လတ်တလောတွင် ဂွမြို့နယ်အတွင်းရှိ ချင်းကွင်း၊ ကျိန္တလီတို့၌ စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

#မာန်အောင် #စစ်ကောင်စီ #ရေတပ် #အင်အားတိုးချဲ့ #မြေမြှုပ်မိုင်းထောင် #Ayeyarwaddy_Times