
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁၄ ရက်
ထိုင်း-မြန်မာနယ်စပ် ငွေလဲလုပ်ငန်းတွေမှာ ဒီကနေ့မနက် ပေါက်စျေးအရ ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၂၀၈ ကျပ်အထိ စံချိန်တင်စျေးနှုန်းကျဆင်းမှုဖြစ်ပေါ်နေကြောင်း သိရပါတယ်။
ဩဂုတ်လ ပထမပတ်အတွင်းက ငွေလဲနှုန်းဟာ ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၁၅၀ ကျပ်ဝန်းကျင် ပေါက်စျေးရှိခဲ့ရာကနေ ဒီကနေ့မှာတော့ ကျပ်ငွေပေးပြီး ထိုင်းဘတ်ယူမယ်ဆိုရင် မြန်မာငွေ ၁ သိန်းကို ထိုင်းဘတ် ၄၈၀ နှုန်း (ထိုင်းငွေ ၁ ဘတ်၊ မြန်ာမငွေ ၂၀၈ ကျပ်နှုန်း) အထိ မြန်မာကျပ်ငွေတန်ဖိုး တဟုန်ထိုး ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
“မြန်မာငွေစျေးကျချက်က စံချိန်တင်ပဲ။ ကျပ်ငွေပေးပြီး ဘတ်ငွေယူမယ်ဆို ၁ သိန်းကို ဘတ် ၄၈၀ ပဲ ပေါက်တယ်။ ဒါတောင် ငွေလဲနေရာတိုင်း မလဲပေးဘူး။ တော်တော်များများ ကျပ်ပေးဘတ်ယူ ပိတ်ထားကြပြီ”လို့ ထိုင်း-မြန်မာနယ်စပ် ငွေလဲလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
ပေါက်စျေးအရ ဘတ်ငွေပေးပြီး မြန်မာကျပ်ငွေယူမယ်ဆိုရင် ထိုင်းငွေ ၁ ဘတ်ကို မြန်မာငွေ ၁၉၀ ကျပ် ဝန်းကျင် ပေါက်စျေးရှိနေကြောင်း သိရပါတယ်။
လက်ရှိမှာ မြန်မာငွေစျေးနှုန်း စံချိန်တင်ကျဆင်းနေတာကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ သွင်းကုန်၊ ပို့ကုန်ုလပ်ငန်းများ ၇၀ ရာခိုင်နှုန်းခန့် ရပ်ဆိုင်းနေကြောင်း နယ်စပ်ရှိကုန်သည်များထံက သိရပါတယ်။
“နယ်စပ်က ကုန်သည် ၇၀ ရာခိုင်နှုန်းလောက်က လုပ်ငန်းတွေရပ်ထားပြီး အခြေအနေ စောင့်ကြည့်နေကြတယ်။ အခုလို ငွေစျေးမငြိမ်တဲ့အနေအထားက အလုပ်လုပ်ရတာ လုံး၀ကို အဆင်မပြေကြဘူး”လို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က ကုန်သည်တစ်ဦးက ပြောပါတယ်။
ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ရန်ကုန် – မြ၀တီ – မဲဆောက်လမ်းဟာ နယ်မြေမတည်ငြိမ်မှုကြောင့် ကုန်စည်ပို့ဆောင်ရေး ခက်ခဲခြင်း၊ သယ်ယူပို့ဆောင်စရိတ် ပိုမိုကုန်ကျခြင်းတွေ ဖြစ်ပေါ်နေပြီး အဲ့ဒီအကျိုးဆက်အရ သွင်းကုန်စျေးနှုန်းတွေ မြင့်တက်နေပါတယ်။
ယခုလို မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတဲ့အတွက် ပြည်ပသွင်းကုန်တွေ ယခုထက်ပိုမို ရှားပါးခြင်းနဲ့ စျေးမြင့်တက်ခြင်းများ ဖြစ်လာနိုင်ကြောင်း ကုန်သည်တွေက ပြောဆိုကြပါတယ်။
#Ayeyarwaddy_Times #ငွေလဲနှုန်း #ထိုင်းဘတ်ငွေ #မြန်မာကျပ်ငွေ